ကမ္ဘာ့ဖလားပြိုင်ပွဲကို အပြည့်အဝအာရုံစိုက်နိုင်ရန်အတွက် ဖီဖာရဲ့ဆက်တိုက်ဒဏ်ရိုက်မှုခံယူနေတဲ့ ကိုင်လီယန်ဘက်ပေး

ပြင်သစ်စူပါစတားကိုင်လီယန်ဘက်ပေးဟာကမ္ဘာ့ဖလားပြိုင်ပွဲကိုအပြည့်အဝအာရုံစိုက်နိုင်ရန်အတွက်ဖီဖာရဲ့ဒဏ်ရိုက်မှုကိုသိသိကြီးဖြင့်ခံယူလျက်ရှိကြောင်းသိရပါတယ်။

အသက်၂၃နှစ်ရှိကိုင်လီယန်ဘက်ပေးဟာပိုလန်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်၂ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ကမ္ဘာ့ဖလားသွင်းဂိုး၉ဂိုးဖြင့်ပီလီရဲ့အသက်၂၄နှစ်အောက်ကစားသမားများတွင်ကမ္ဘာ့ဖလားဂိုးအများဆုံးသွင်းယူထားတဲ့စံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။

ကိုင်လီယန်ဘက်ပေးဟာယခုအခါကမ္ဘာ့ဖလားပွဲ၁၁ပွဲကစားထားရာမှာ၉ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ပြီးယခုကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ပင်ပီလီရဲ့ကမ္ဘာ့ဖလားဂိုး၁၂ဂိုးစံချိန်ကိုလိုက်မီနိုင်တဲ့အနေအထားမှာရှိနေပါတယ်။

ဒါ့အပြင်အသက်၂၃နှစ်ရှိသူဟာမီရိုဆလပ်ဗ်ကလိုဆေးရဲ့ကမ္ဘာ့ဖလားသမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားသူအဖြစ်၁၆ဂိုးဖြင့်ရပ်တည်နေမှုကိုရိုက်ချိုးလာနိုင်မဲ့အနေအထားမှာရှိနေပါတယ်။

ကိုင်လီယန်ဘက်ပေးရဲ့ထိပ်တန်းခြေစွမ်းရရှိနေမှုနှင့်အတူပြင်သစ်ဟာလည်းကမ္ဘာ့ဖလားချန်ပီယံဘွဲ့ကိုကာကွယ်နိုင်တဲ့အသင်းအဖြစ်မှတ်တမ်းရေးထိုးလာဖို့ရှိနေပါတယ်။

ဘက်ပေးဟာဒိန်းမတ်နှင့်ဩစတြေးလျတို့နှင့်ပွဲများတွင် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပေမဲ့လည်းပွဲပြီးသတင်းစာရှင်းလင်းပွဲသို့မတက်ရောက်ဘဲ ဒဏ်ရိုက်ခံခဲ့ပြီးဖြစ်ပါတယ်။

သူဟာပိုလန်ကို၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာလည်း ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုဆွတ်ခူးခဲ့ဖြစ်ပါတယ်။

သူဟာပိုလန်ကိုအနိုင်ရတဲ့ပွဲအပြီးပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု ရယူချိန်မှာတော့မီဒီယာများနှင့်တွေ့ဆုံစကားပြောခဲ့ပါတယ်။

ယင်းသတင်းစာရှင်းလင်းပွဲတွင်ဘက်ပေးကကမ္ဘာ့ဖလားပြိုင်ပွဲကိုအာရုံစိုက်နိုင်ရန်အတွက်ဒဏ်ရိုက်ခံကာမီဒီယာများကိုရှောင်ရှားနေခြင်းဖြစ်ကြောင်းဖွင့်ဟသွားပါတယ်။

ဘက်ပေးက “ကိုယ်ရေးကိုယ်တာကြောင့်ရှောင်(မီဒီယာတွေကို)နေတာမဟုတ်ပါဘူး။ဂျာနယ်လစ်တွေနဲ့ဘာပြဿနာမျှမရှိပါဘူး။ဒီပြိုင်ပွဲနဲ့ဘောလုံးအပေါ်မှာပဲအာရုံစိုက်ချင်တယ်။အပြည့်အဝအာရုံစိုက်ချင်လို့မီဒီယာတွေနဲ့မတွေ့ခဲ့တာပါ။ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဒဏ်ရိုက်ခံရတယ်ဆိုတာသိသွားပါပြီ။ကိုယ့်ဖာသာကိုယ်ပေးမယ်ဆိုရင်လည်းသူတို့ကလက်ခံမှာမဟုတ်ပါဘူး။ဒီပြိုင်ပွဲကကျွန်တော့်အိပ်မက်ပါ။ဘဝတစ်ခုလုံးပြင်ဆင်လာခဲ့တာပါ”လို့ပြောကြားသွားပါတယ်။

ကိုင်လီယန်ဘက်ပေးဟာပြီးခဲ့တဲ့မေလတုန်းကပီအက်စ်ဂျီနှင့်ပေါင်၅၀၇သန်းတန်သုံးနှစ်စာချုပ်ချုပ်ဆိုထားရာဖီဖာကချမှတ်လာတဲ့ဒဏ်ကြေးကိုပေးဖို့ပြဿနာမရှိပါဘူး။

တဖက်တွင်ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကိုယ်တိုင်ကလည်းဘက်ပေးကိုပြိုင်ပွဲအပေါ်တွင်သာအပြည့်အဝအာရုံစိုက်စေလိုမှုအတွက်မီဒီယာများနှင့်မတွေ့ဆုံမှုကိုအားပေးနေတယ်လို့လည်းယုံကြည်ရပါတယ်။

ဖီဖာဟာသတင်းစာရှင်းလင်းပွဲသို့မတက်ရောက်ပါက ပေါင်၈၇၀၀ဒဏ်ရိုက်လျက်ရှိပါတယ်။

ZawGyi













