
ဘာစီလိုနာနောက်ခံလူဟောင်းဒေါက်ကလပ်ပီရီရာဟာ ဘရာဇီးတွင် ကားပါကင်တစ်ခုမှာ လေထဲသို့ သေနတ်ပစ်ဖောက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
အသက် ၃၂ နှစ်ရှိ ညာနောက်ခံလူဟာ ဧပြီလ ၁၂ ရက်နေ့တုန်းက အခင်းဖြစ်ပွားချိန်တွင် Lake Paranoa တွင် ဘုတ်စီးကာ အရက်သောက်စားနေတာ ဖြစ်ပါတယ်။
သူဟာ ဘုတ်တွင် ပါဝင်တဲ့ အခြားသူများနှင့် ပြဿနာတက်ပြီးနောက် ယင်းနေရာမှ ထွက်ခွာရန် ပြောဆိုခြင်း ခံခဲ့ရပါတယ်။
ယင်းနောက် ပီရီရာဟာ လိုင်စင်မရှိတဲ့ သေနတ်ဖြင့် ရောက်လာပြီး Club Esportives Sul ရဲ့ ကားပါကင်သို့ ရောက်ချိန်တွင် အခြားလူများနှင့်ပြဿနာတက်မှုကြောင့် လုံခြုံရေးဝန်ထမ်းများက ထွက်ခွာရန် ပြောဆိုခြင်း ခံခဲ့ရပါတယ်။
ယင်းနောက် သူဟာ ပါလာတဲ့ လိုင်စင်မဲ့ သေနတ်ကို ထုတ်ပြီး လေထဲတွင် ပစ်ခတ်ခဲ့ပါတယ်။
ပီရီရာဟာ ပစ်ခတ်ပြီးနောက် သေနတ်ကို လွှင့်ပစ်ခဲ့ပြီး ရှာဖွေတွေ့ရှိခြင်း မရှိပါဘူး။
သူဟာ ယင်းဖြစ်ရပ်ကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ကာ ဧပြီလ ၂၃ ရက်နေ့က ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။
ယခုအခါ Criminal Justice က ပီရီရာကို လိုင်စင်မရှိတဲ့ သေနတ်ကို ကိုင်ဆောင်ပြီး ပစ်ခတ်မှုဖြင့် တရားစွဲဆိုလာပြီ ဖြစ်ပါတယ်။
ပီရီရာဟာ ၂၀၁၄ ခုနှစ်တုန်းက ဘယ်သူမျှ ထင်မှတ်မထားဘဲ ဆာအိုပေါ်လိုမှ ဘာစီလိုနာသို့ ပေါင် ၃.၄ သန်းဖြင့် ပြောင်းခွင့်ရခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဘာစီလိုနာတွင် ကစားတဲ့ ငါးနှစ်တာကာလအတွင်းတွင် ၈ ပွဲသာ ကစားခွင့်ရခဲ့ပြီး ဂီဂျွန်၊ ဘင်ဖီကာ၊ ဆီဗက်စ်စပေါ်အသင်းများသို့ အငှားဖြင့် သွားကစားခဲ့ရပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတွင် ဘီဆစ်တပ်မှ ထွက်ခွာလာပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေပါတယ်။