ကျောက်ခဲများဖြင့် ပစ်ပေါက်ကာ ကားကို ရပ်တန့်စေပြီး အာဂျင်တီးနားဂန္ထဝင်အေယာလာဓားပြတိုက်ခံရ

အာဂျင်တီးနားလက်ရွေးစင်ဟောင်းရောဘတ်တိုအေယာလာဟာလက်နက်ကိုင်ဓားပြများရဲ့ခြိမ်းခြောက်ဓားပြတိုက်မှုနှင့်ရင်ဆိုင်ခဲ့ရပါတယ်။

ဓားပြများဟာအသက်၄၈နှစ်ရှိအေယာလာရဲ့ကားကိုကျောက်ခဲများဖြင့်ပစ်ပေါက်ပြီးရပ်တန့်စေပြီးသေနတ်များဖြင့်ခြိမ်းခြောက်ကာယူရို၅၀၀၀နီးပါးဓားပြတိုက်သွားခဲ့ကြတာဖြစ်ပါတယ်။

ဗလင်စီယာနှင့်အေစီမီလန်နောက်ခံလူဟောင်းဟာတစ်ချိန်တုန်းကသူ့မျိုးဆက်တွင်အကောင်းဆုံးနောက်ခံလူများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပြီး ဆန်ကေယီတဲနိုရှိ Ruta 9 အမည်ရှိ အဓိကလမ်းမကြီးပေါ်တွင် ဓားပြတိုက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းအတွက်၁၁၆ပွဲကစားကာ၇ဂိုးသွင်းယူခဲ့တဲ့အေယာလာဟာဓားပြတိုက်ခံရမှုကြောင့်အကြီးအကျယ်တုန်လှုပ်ခဲ့ရသော်လည်းတစ်စုံတစ်ရာဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။

ကလေးလေးဦးအဖေဟာတနင်္လာနေ့နံနက်ပိုင်းတုန်းက Renault Koleos ဗင်ကားကိုမောင်းနှင်လာစဉ်ဓားပြတိုက်ခံခဲ့ရတာပါ။

ဒေသခံမီဒီယာများရဲ့ဖော်ပြချက်အရဓားပြများဟာအေယာလာထံမှယူရို၄၈၀၀နှင့်မိုဘိုင်းဖုန်းတစ်လုံးရယူသွားခဲ့ကြပါတယ်။ဓားပြများဟာအေယာလာကိုဓားပြတိုက်ပြီးနောက်ကားဘီးပေါက်အောင်သေနတ်ဖြင့်ပစ်ခတ်ကာထွက်ပြေးသွားခဲ့ကြပါတယ်။

အေယာလာဓားပြတိုက်ခြင်းခံရတဲ့နေရာမှာမကြာခဏဆိုသလိုဓားပြတိုက်မှုဖြစ်ရာနေရာလည်းဖြစ်ပါတယ်။

အေယာလာဟာအာဂျင်တီးနားနှင့်အတူကမ္ဘာ့ဖလားသုံးကြိမ်ကစားခဲ့သူဖြစ်ပြီး၂၀၁၉ခုနှစ်၊ဇန်နဝါရီလကတည်းကအာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်တွင်နည်းစနစ်ပိုင်းဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်လာသူလည်းဖြစ်ပါတယ်။

ZawGyi








