
ဘရာဇီးနှင့် ယူနိုက်တက်နောက်ခံလူအဲလက်စ်တဲလ်လက်စ်ဟာ ဆော်ဒီပရိုလိဂ်ကလပ် Al Nassr သို့ ပြောင်းရွှေ့လာပါတယ်။
အသက် ၃၀ နှစ်ရှိ တဲလ်လက်စ်ဟာ ဇန်နဝါရီလတုန်းက ဆော်ဒီပရိုလိဂ်သို့ ပြောင်းလာတဲ့ ယူနိုက်တက်ကစားဖော်ဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ပြန်လည်လက်တွဲသွားပါမယ်။
ယူနိုက်တက်နှင့် Al Nassr တို့ဟာ တဲလ်လက်စ်ရဲ့ ပြောင်းရွှေ့ကြေးပမာဏကို ကြေညာသွားခဲ့ခြင်းမရှိသလို စာချုပ်သက်တမ်းကိုလည်း ကြေညာသွားကြခြင်း မရှိပါဘူး။
တဲလ်လက်စ်ဟာ ၂၀၂၀ ခုနှစ်တွင် ပေါ်တိုမှ ယူနိုက်တက်သို့ ပေါင် ၁၃.၆ သန်းဖြင့် ရောက်လာပြီးနောက် ပွဲ ၅၀ ကစားခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီမှာတော့ ဆီဗီလာသို့ အငှားဖြင့် သွားရောက်ကစားခဲ့ရာ ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ်ဟာ ဇန်နဝါရိလတုန်းက ခရစ္စတီယာနိုရော်နယ်ဒိုကို ခေါ်ယူပြီးနောက် ယခုနွေရာသီတွင် ဥရောပအခြေစိုက် ထိပ်တန်းကစားသမားအမြောက်အမြားတို့ကို မက်လောက်စရာလုပ်ခပေးပြီး ခေါ်ယူကာ ကမ္ဘာ့ထိပ်တန်းလိဂ်တစ်ခုဖြစ်ရေး ကြိုးပမ်းနေပါတယ်။