ချဲလ်ဆီးတို့ ပေါင် ၁ ဘီလီယံနီးပါး သုံးလာပြီးနောက် စည်းမျဉ်းကို ကြီးမားတဲ့ ပြောင်းလဲမှု ပြုလုပ်လာတော့မဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ဟာ ချဲလ်ဆီးအသင်း အပြောင်းအရွှေ့အသုံးစရိတ်အမြောက်အမြား သုံးစွဲလာပြီးနောက် စည်းမျဉ်းအား ကြီးမားတဲ့ ပြောင်းလဲမှု ပြုလုပ်လာတော့မှာ ဖြစ်ပါတယ်။

တော့ဒ်ဘိုလေးဟာ ၂၀၂၂ ခုနှစ်၊ မေလတွင် ချဲလ်ဆီးကို ဝယ်ယူပြီးနောက် အပြောင်းအရွှေ့အသုံးစရိတ် ပေါင် ၁ ဘီလီယံနီးပါး သုံးစွဲထားပါတယ်။

ချဲလ်ဆီးဟာ မနေ့တုန်းက ဘရိုက်တန်မှ အီကွေဒေါ ကွင်းလယ်ကစားသမားမွိုက်စ်ကိုင်စီဒိုကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းဖြင့် ခေါ်ယူပြီးနောက် ဇန်နဝါရီလတုန်းကလည်း ဘင်ဖီကာမှ အာဂျင်တီးနားစတားအန်ဇိုဖာနန်ဒက်ဇ်အား ပေါင် ၁၀၇ သန်းခေါ်ယူမှုကို ကျော်ဖြတ်ခဲ့ပါတယ်။

အသက် ၂၁ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးသို့ ၂၀၃၁ ခုနှစ်အထိ ၈ နှစ်စာချုပ်ဖြင့် ပြောင်းခဲ့တာ ဖြစ်ပြီး စာချုပ်အတွင်းတွင် ၁၂ လသက်တမ်းတိုးနိုင်မဲ့အချက်လည်း ထည့်သွင်းထားပါတယ်။

ချဲလ်ဆီးဟာ ဘဏ္ဍာရေးမျှတစွာ သုံးစွဲရေး စည်းမျဉ်းရဲ့ လျို့ဝှက်အားနည်းချက်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး ထိုကဲ့သို့ ကစားသမားများကို နှစ်ရှည်စာချုပ်ချုပ်ဆိုထားတာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ နွေရာသီတုန်းက ရာဟမ်းစတာလင်း၊ ဝက်စ်လေဖိုဖာနာ၊ မာခ်ကူကူရယ်တို့အား ပေါင်သန်း ၁၀၀ ကျော်အသုံးပြုပြီး ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ဒါပေမဲ့ ချဲလ်ဆီးဟာ ဇန်နဝါရီလမှ စတင်ကာ ကစားသမားများကို ခေါ်ယူရာမှာ ၈ နှစ်အထိ စာချုပ်ချုပ်ဆိုပြီး ခေါ်ယူရာ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်နေခြင်း မရှိပါဘူး။

ကလပ်များအနေဖြင့် ကစားသမားများရဲ့ စာချုပ်သက်တမ်းအပေါ် မူတည်ပြီး ဘဏ္ဍာရေးမျှတစွာ သုံးစွဲရေးစည်းမျဉ်းကို ဟန်ချက်ညီအောင် လုပ်ဆောင်ခွင့် ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ချဲလ်ဆီးဟာ ယခုနွေရာသီတွင် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၂၀၀ ကျော်အထိ အသုံးပြုထားနိုင်ပါတယ်။

ဒါပေမဲ့ Daily Mail ရဲ့ဖော်ပြချက်အရ ပရီးမီးယားဟာ ချဲလ်ဆီးဘက်က ဘဏ္ဍာရေးမျှတစွာ သုံးစွဲရေး စည်းမျဉ်းရဲ့ အားနည်းချက်ကို အသုံးချလာမှုနှင့်အတူ စာချုပ်သက်တမ်းမည်မျှ ချုပ်ဆိုပါက ပြောင်းရွှေ့ကြေးအား ၅ နှစ်ဖြင့် အပြီးသတ်ပေးရေး သတ်မှတ်ပြီး ဘဏ္ဍာရေးစည်းမျဉ်းကို အပြောင်းအလဲ လုပ်ရန် စီစဉ်နေကြောင်း သိရပါတယ်။

အထက်ပါစနစ်ကို မကြာသေးမီတုန်းက ယူအီးအက်ဖ်အေက စတင်ကျင့်သုံးလာခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်က ယင်းစည်းမျဉ်းကို သုံးစွဲနေဆဲဖြစ်ရာ ယင်းအားနည်းချက်ကို အသုံးချနိုင်တုန်း ဖြစ်ပါတယ်။