ချဲလ်ဆီးရဲ့ ရာသီသိမ်းပွဲကို တက်ရောက်ကြည့်ရှုအားပေးနိုင်မှာ မဟုတ်တဲ့ တော့ဒ်ဘိုလေး

ချဲလ်ဆီးအသင်းပိုင်ရှင်တော့ဒ်ဘိုလေးဟာ ကလပ်ရဲ့ရာသီသိမ်းပွဲစဉ်ကို တက်ရောက်ကြည့်ရှုနိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။

ချဲလ်ဆီးဟာ ၂၀၂၂-၂၃ ရာသီတွင် ဆိုးရွားတဲ့ ဘောလုံးရာသီတစ်ခု ကြုံတွေ့နေရပါတယ်။ ၎င်းတို့ဟာ ယခင်နောက်ဆုံး အဆိုးရွားဆုံးရာသီအဖြစ် ၁၉၉၃-၉၄ ရာသီတုန်းက ၅၁ မှတ်ဖြင့် အဆင့် ၁၄ နေရာမှာ ရပ်တည်ခဲ့တာပါ။

ဒါပေမဲ့ ယခုအခါ ချဲလ်ဆီးဟာ ရာသီသိမ်းပွဲဖြစ်တဲ့ နယူးကာဆယ်နှင့်ပွဲမှာ အနိုင်ရရှိလာပါကလည်း ၄၆ မှတ်ပဲ ရရှိလာမှာ ဖြစ်ပြီး မရရှိလာပါက အဆင့် ၁၄ သို့အထိ ရောက်သွားနိုင်ပါတယ်။

တော့ဒ်ဘိုလေးဟာ LA Lakers နှင့် LA Dodgers တို့ကိုလည်း ပိုင်ဆိုင်တဲ့အပြင် အမေရိကန်မှာ အခြားစီးပွားရေးလုပ်ငန်းများ ရှိပါတယ်။

ဒါကြောင့်လည်း သူဟာ အမေရိကန်ရှိ အခြား စီးပွားရေးလုပ်ငန်းများကြောင့် တနင်္ဂနွေနေ့ည စတမ်းဖို့ဒ်ဘရစ်ချ်မှာ နယူးကာဆယ်ကို ဧည့်ခံကစားရမဲ့ပွဲကို တက်ရောက်နိုင်မှာ မဟုတ်ကြောင်း The Telegraph က ဖော်ပြလာပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းများမှ တာဝန်ရှိသူများဟာ အိမ်ကွင်းနောက်ဆုံးရာသီသိမ်းပွဲသို့ တက်ရောက်ပြီး နောက်ဆုံးနှုတ်ဆက်မှု ပြုလုပ်လေ့ရှိတဲ့ အစဉ်အလာတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ တော့ဒ်ဘိုလေးကတော့ အခြားလုပ်ငန်းတွေကြောင့် တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ချဲလ်ဆီးပူးတွဲပိုင်ရှင် ဘီဒက်အက်ဂ်ဘာလီကတော့ တက်ရောက်ပါမယ်။ တဖက်မှာ တော့ဒ်ဘိုလေးအနေဖြင့် နယူးကာဆယ်နှင့်ပွဲကို တက်ရောက်လိုပါက အစီအစဉ်အပြောင်းအလဲမှုလည်း ပြုလုပ်လာနိုင်ပါသေးတယ်။

တော့ဒ်ဘိုလေးဟာ ပြီးခဲ့တဲ့နှစ်မေလတုန်းက ချဲလ်ဆီးကို ပေါင် ၄.၂၅ ဘီလီယံဖြင့် ဝယ်ယူပြီးနောက် ပေါင်သန်း ၆၀၀ ကျော်အသုံးပြုကာ ရင်းနှီးမြှပ်နှံမှု ပြုလုပ်ခဲ့ပေမဲ့ ဆိုးရွားတဲ့ ရာသီကြုံထားရတာပါ။ သူဟာ သူ့ရဲ့ စီမံခန့်ခွဲမှုအမှားများကို တာဝန်ယူတဲ့အနေဖြင့် ယခုနွေရာသီမှစတင်ကာ ချဲလ်ဆီးအား ဦးစီး လုပ်ဆောင်နေမှုများအား အခြားသူများကို တာဝန်ခွဲဝေပေးမှု ပြုလုပ်လာပါမယ်။