
လာလီဂါဥက္ကဌဂျာဗီးယားတီဘက်စ်က လာလီဂါမှာ ခြောက်လ၊ ခုနှစ်လအတွင်းတွင် လူမျိုးရေးခွဲခြားမှုများကို လျှော့ချလာနိုင်ကြောင်း ပြောကြားလာပါတယ်။
လာလီဂါဟာ လူမျိုးရေးခွဲခြားမှုများကို ပြင်းထန်စွာ အရေးယူရန် တောင်းဆိုခြင်း ခံနေရပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက ဗလင်စီယာနှင့် ရီးရဲလ်မက်ဒရစ်တို့ကစားတဲ့ပွဲတွင် ဘရာဇီးစတားဗီနီရှပ်စ် လူမျိုးရေးခွဲခြားဆက်ဆံခြင်း ခံရပြီးနောက် လာလီဂါဟာ လူမျိုးရေးခွဲခြားတိုက်ဖျက်ရေးအပေါ် ပိုမိုအာရုံစိုက်လာတော့မှာလည်း ဖြစ်ပါတယ်။
တီဘက်စ်က “တကယ်လို့ ကျွန်တော်တို့မှာသာ ပါဝါရှိရင် ဒီပြဿနာကို ပျောက်ကွယ်သွားအောင် လုပ်လာနိုင်တယ်လို့ ယုံကြည်ပါတယ်။ ယေဘုယအားဖြင့် ကျွန်တော်တို့ဟာ အခြေအနေကို ပိုပြီးတော့ စဉ်းစားလာနိုင်ကြတယ်။ အထူးသဖြင့် ဗီနီရှပ်စ်ဂျူနီယာဖြစ်ရပ်ကြောင့်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့မှာ ပါဝါမရှိရင် တိုင်ကြားစာအဖြစ်ပဲ ထားထားနိုင်မယ်”လို့ ပြောကြားသွားပါတယ်။
ဗီနီရှပ်စ် လူမျိုးရေးခွဲခြားဆက်ဆံမှု ခံရပြီးနောက် ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်များတွင် လူမျိုးရေးခွဲခြားမှု ဆန့်ကျင့်ရေး လှုပ်ရှားမှုများ ပိုမို ပြုလုပ်လာပါတယ်။
ဆက်လက်ပြီး တီဘက်စ်က ဗီနီရှပ်စ်အား တိုက်ရိုက်လူမျိုးရေးခွဲခြားဆက်ဆံမှု ၉ မှုအထိ တိုင်ကြားချက် ရရှိခဲ့ကြောင်း ဆိုလာပါတယ်။
ဒါပေမဲ့ စပိန်စည်းမျဉ်းအရ လာလီဂါမှာ ဘာမှ လုပ်ပိုင်ခွင့် မယ်မယ်ရရ မရှိပါဘူး။
ဆက်လက်ပြီး ၎င်းက “ကျွန်တော်တို့ ပါဝါလိုချင်တယ်။ လူမျိုးရေးခွဲခြားမှုတွေကို ပုန်းရှောင်မနေချင်ပါဘူး။ အခု လုပ်ပိုင်ခွင့် မရှိပါဘူး။ လူမျိုးရေးခွဲခြားသူတွေကို အရေးယူချင်တယ်။ ကွင်းတွေမှာ ဘယ်သူမှ လူမျိုးရေးခွဲခြားအော်ဟစ်တာ မရှိအောင် လုပ်ချင်တယ်”လို့ ပြောကြားသွားပါတယ်။