ဂျပန်ကလပ် Vissel Kobe တွင် ၅ နှစ်ကြာကစားပြီးနောက် ထွက်ခွာတော့မဲ့ အင်နီယေစတာ

ဘာစီလိုနာနှင့် စပိန်ဂန္ထဝင်ကစားသမားအင်ဒရေအင်နီယေစတာဟာ ဂျပန်ကလပ် Vissel Kobe တွင် ၅ နှစ်ကြာ ကစားပြီးနောက် ထွက်ခွာလာတော့မှာ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်ရှိ ကွင်းလယ်တိုက်စစ်သမားဟာလာမယ့် ဇူလိုင်လ ၁ ရက်နေ့တွင် Vissel Kobe အတွက် နောက်ဆုံးပွဲကို ကစားသွားပါမယ်။

အင်နီယေစတာဟာ ယခုရာသီတွင် Vissel Kobe အတွက် ဂျေလိဂ်တွင် အရန်အဖြစ် ၃ ပွဲတည်းသာ ကစားထားသူလည်း ဖြစ်ပါတယ်။

သူဟာ Vissel Kobe မှ ထွက်ခွာတော့မှာ ဖြစ်ပေမဲ့လည်း ကစားသမားဘဝမှ အနားယူဖို့ အစီအစဉ် မရှိသေးပါဘူး။

အင်နီယေစတာက “ဒီမှာ ကစားတဲ့ အချိန်အဆုံးသတ်ချင်နေပါပြီ။ ပြီးရင်တော့ ကျွန်တော့်အတွက် ဘာရွေးချယ်စရာ ရှိမလဲ ကြည့်ပါမယ်။ ဆက်ပြီးတော့ ကစားသွားချင်ပါတယ်။ ဆက်လက်လှုပ်ရှားနေချိန်မှာပဲ အနားယူပါမယ်။ ဒီမှာ အနားယူဖို့က ခက်ခဲနေပါတယ်။ ဒီတော့ ကျွန်တော့်အတွက် အနားယူမဲ့ နေရာတစ်နေရာကို ရှာဖွေချင်ပါတယ်”လို့ ပြောကြားသွားပါတယ်။

အင်နီယေစတာဟာ ၂၀၁၈ ခုနှစ်တွင် Vissel Kobe သို့ ပြောင်းရွှေ့ပြီးနောက် ၁၃၃ ပွဲကစားပေးခဲ့ပါတယ်။ သူဟာ Vissel Kobe နှင့်အတူ ၂၀၁၉ ခုနှစ်တွင် အင်ပါယာဖလားနှင့် ၂၀၂၀ ခုနှစ်တွင် ဂျပန်စူပါဖလားတို့ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ ဘာစီလိုနာတွင် ၂၂ နှစ်ကြာကစားခဲ့သူဖြစ်ပြီး ၆၇၄ ပွဲကစားခဲ့ကာ ဖလား ၃၂ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။