
မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာ စနေနေ့ည စပါးစ်နှင့် ရင်ဆိုင်ကစားရမဲ့ပွဲစဉ်တွင် ပွဲထွက်လူစာရင်းတွင် ဂျာဒွန်ဆန်ချိုအား ထည့်သွင်းရန် နည်းပြအဲရစ်တန်ဟက်အား တောင်းဆိုလာကြပါတယ်။
ယူနိုက်တက်ဟာ တနင်္လာနေ့ညတုန်းက အိုးထရက်ဖို့ဒ်တွင် ဝုဗ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့ခြင်း မရှိပါဘူး။
ဒါကြောင့်လည်း ယူနိုက်တက်အနေဖြင့် စနေနေ့ညတွင် စပါးစ်ကို အဝေးကွင်းသို့ သွားရောက်ကစားရမဲ့ ပွဲစဉ်တွင် အကောင်းဆုံးပုံစံ မရရှိလာပါက ရုန်းကန်ရမယ်လို့ အားလုံးက ဆိုနေကြပါတယ်။
ယူနိုက်တက်ဂန္ထဝင်ဂယ်ရီနဗီးလ်က ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမား ၃ ဦးဖြစ်တဲ့ ကက်စ်မီရို၊ မေဆင်မောင့်၊ ဘရူနိုဖာနန်ဒက်စ်တို့ ၃ ဦးကို ဝေဖန်ထောက်ပြသွားပြီး ကွင်းလယ်ပြဿနာမှာ အဲရစ်တန်ဟက်အတွက် အဓိကဖြေရှင်းရမဲ့အရာတစ်ခုလို့ ဆိုသွားပါတယ်။
ဒါပေမဲ့ ပရိသတ်အများစုကတော့ စပါးစ်နှင့်ပွဲစဉ်တွင် ယူနိုက်တက်ပွဲထွက်လူစာရင်းတွင် ဂျာဒွန်ဆန်ချိုကို ထည့်သွင်းရန် အဲရစ်တန်ဟက်ကို တောင်းဆိုနေကြပါတယ်။
အသက် ၂၃ နှစ်ရှိ ဒေါ့မွန်စတားဟောင်းဟာ ပွဲချိန် ၆၈ မိနစ်တွင် အလီဂျန်ဒရိုဂါနာချိုအစား လူစားဝင်ရောက်ကစားခဲ့ရပါတယ်။
ဆန်ချိုဟာ မိနစ် ၂၀ စွန်းစွန်းမျှသာ ကစားခွင့်ရခဲ့ပေမဲ့လည်း ယင်းကာလအတွင်းတွင် အကောင်းဆုံးကစားသွားခဲ့ပါတယ်။
ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်များက လာမယ့် စပါးစ်နှင့်ပွဲတွင် တိုက်စစ်တွင် ဝုဗ်နှင့်ပွဲတုန်းကကဲ့သို့ အန်တိုနီ၊ ဂါနာချို၊ ရက်ဖို့ဒ်အစား ဆန်ချို၊ အန်တိုနီ၊ ရက်ဖို့ဒ်အတွဲအား အသုံးပြုရန် တောင်းဆိုနေကြပါတယ်။
ဆန်ချိုဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဒေါ့မွန်မှ ယူနိုက်တက်သို့ ရောက်လာပြီးနောက် ပွဲ ၈၀ ကစားခဲ့ရာမှာ ၁၂ ဂိုးတည်းသာ သွင်းထားနိုင်တဲ့အပြင် ၆ ကြိမ်တည်းသာ ဖန်တီးထားနိုင်ပါတယ်။
သူဟာ ဆက်တိုက်ခြေစွမ်းပြနိုင်ခြင်း မရှိမှုနှင့် အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ရဲ့ ချန်လှပ်ခြင်းခံလာခဲ့ရတာ ကြာမြင့်ပြီလည်း ဖြစ်ပါတယ်။