ဆာလက်ရဲ့ လီဗာပူးအနာဂတ်အပေါ်တွင် ကလော့ပ် တစုံတရာ စိုးရိမ်ခြင်းမရှိ

ဂျာဂင်ကလော့ပ်က ချန်ပီယံလိဂ်ဝင်ခွင့်မရရှိမှုကြောင့် အကြီးအကျယ်စိတ်ပျက်ရကြောင်း ဖွင့်ဟခဲ့တဲ့ မိုဟာမက်ဆာလက်ရဲ့ လီဗာပူးအနာဂတ်နှင့်ပတ်သက်ပြီး တစုံတရာ စိတ်ပျက်ခြင်း မရှိကြောင်း ပြောကြားလာပါတယ်။

ဆာလက်ဟာ ယူနိုက်တက်က ချဲလ်ဆီးကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိသွားပြီး လီဗာပူးမှာ ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရန် သေချာသွားပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်မရမှုအပေါ် အကြီးအကျယ်စိတ်ပျက်ရကြောင်း ဆိုရှယ်မီဒီယာတွင် ရေးသား တင်သွားခဲ့ပါတယ်။

ဂျာဂင်ကလော့ပ်ရဲ့ လီဗာပူးဟာ အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်မှာ ဖြစ်ပြီး လာမယ့်ရာသီမှာ ယူရိုပါလိဂ်ဝင်ရောက်ယှဉ်ပြိုင်ရပါမယ်။

ကလော့ပ်က “မို(ဆာလက်)က ဒီမှာ နေရတာ သဘောကျတယ်။ မိုက ဒီအသင်းရဲ့အစိတ်အပိုင်းတစ်ခုပါ။ သူက ကျွန်တော်တို့ လုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေကို တောင်းပန်တာပါ။ အခြားသူတွေ လုပ်တာတွေအတွက် တောင်းပန်တာ မဟုတ်ပါဘူး။ အားလုံးအဆင်ပြေပါတယ်”လို့ ပြောကြားသွားပါတယ်။

မိုဟာမက်ဆာလက်ဟာ ၂၀၂၂ ခုနှစ် နွေရာသီတုန်းက တစ်ပတ်လုပ်ခပေါင် ၃၅၀၀၀၀ တန် ၃ နှစ်စာချုပ်သစ်အား ချုပ်ဆိုခဲ့သူ ဖြစ်ပါတယ်။ သူဟာ ယခုရာသီတွင် လီဗာပူးအတွက် ပရီးမီးယားလိဂ်ဂိုး ၁၉ ဂိုးသွင်းခဲ့ပါတယ်။

ဆက်လက်ပြီး ဆာလက်ရဲ့အနာဂတ်နှင့်ပတ်သက်ပြီး ဂျာမန်လူမျိုးနည်းပြက “မစိုးရိမ်ပါဘူး။ လုံးဝမစိုးရိမ်တာပါ။ သူပြောတာပဲ ကြားရသေးတယ်ဆိုပေမဲ့ တစ်ခုခုကို ဦးတည်လာစေနိုင်တဲ့ အရာဆိုရင် ဘာကိုမှ မဖတ်ပါဘူး။ တကယ်လို့ ကစားသမားတစ်ယောက်က ကျွန်တော်ဆီ ပေါက်ချလာပြီး ချန်ပီယံလိဂ်ဝင်ခွင့် မရလို့ ထွက်တော့မယ်လို့ ပြောလာရင်တော့ တမျိုးပေါ့။ ပြောလာခဲ့ရင်လည်း ကားသော့ယူပြီး မင်းသွားမဲ့ နေရာကို လိုက်ပို့ပေးမယ်ဆိုပြီး ပို့ပေးလိုက်ပါမယ်”လို့ ပြောကြားသွားပါတယ်။