ဆုဖလားများရယူရန် ဟယ်ရီကိန်း စပါးစ်မှ ထွက်ခွာရမည်

ဟယ်ရီကိန်းအနေဖြင့်ဆုဖလားများဆွတ်ခူးနိုင်ရန်အတွက်စပါးစ်မှမဖြစ်မနေထွက်ခွာရမည်ဖြစ်ကြောင်းဂျာမိန်းဒီဖိုးကပြောကြားလိုက်ပါတယ်။

ကိန်းဟာလက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံရပေမယ့်ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက်ဆုဖလားတစ်စုံတစ်ရာရရှိခဲ့ဖူးခြင်းမရှိပါဘူး။

စပါးစ်ဟာလည်းယခုရာသီမှာဆုဖလားလက်မဲ့ဖြစ်ရမယ့်အခြေအနေနှင့်ကြုံနေရပါတယ်။ယခုရာသီမှာစပါးစ်ရဲ့တစ်ခုတည်းသောဆုဖလားမျှော်လင့်ချက်ကကာရာဘောင်းဖလားတစ်ခုတည်းသာရှိပြီးဗိုလ်လုပွဲမှာမန်စီးတီးနှင့်ရင်ဆိုင်ကစားရပါမယ်။ဒါပေမယ့်ဂျာမိန်းဒီဖိုးကစပါးစ်နှင့်အင်္ဂလန်အသင်းခေါင်းဆောင်အနေဖြင့်ဆုဖလားများဆွတ်ခူးနိုင်ရန်ထိပ်သီးကလပ်သို့ပြောင်းရွှေ့ရမှာဖြစ်ကြောင်းပြောကြားလာပါတယ်။

ရိန်းဂျားတိုက်စစ်မှူးဒီဖိုးက “ကစားသမားဆိုတာအနိုင်ရရှိဖို့နဲ့ဆုဖလားတွေရယူဖို့ဖြစ်ပါတယ်။ဒါတွေ မရယူနိုင်ဘူးဆိုရင်လုံလောက်တဲ့အောင်မြင်မှုမရဘူးလို့ပြောလို့ရတယ်။အောင်မြင်မှုရယူနိုင်ပြီဆိုမှတကယ့်ကစားသမားကောင်းပါ။ကျွန်တော်လည်းကစားသမားဘဝအစောပိုင်းတုန်းကလုပ်ဆောင်နိုင်ခဲ့ဖို့မျှော်လင့်ခဲ့ပါတယ်။တကယ်လို့ဟယ်ရီကိန်းအနေနဲ့ဆုဖလားတွေရယူချင်တယ်ဆိုရင်တော့ဘယ်ကိုသွားမလဲဆိုတာဆုံးဖြတ်ရပါမယ်။သူ့အနေနဲ့ကလပ်သမိုင်းမှာဂိုးအများဆုံးသွင်းယူသူအဖြစ်မှတ်တမ်းရေးထိုးချင်မှာပါ။ဖြစ်လာနိုင်တယ်ဆိုပေမယ့်သူလည်းဆုဖလားတွေရယူချင်မှာပါ။ဆုဖလားတွေရယူချင်တယ်ဆိုရင်တော့ထွက်ခွာရပါမယ်”လို့ပြောကြားသွားပါတယ်။

ဟယ်ရီကိန်းဟာစပါးစ်နှင့်၂၀၂၄ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပြီးလာမယ့်နွေရာသီတွင်အသင်းပြောင်းမယ်လို့သတင်းထွက်နေပါတယ်။သူ့ကိုခေါ်ယူဖို့ထိပ်ဆုံးကစိတ်ဝင်စားနေတာကတော့ ရီးရဲလ်မက်ဒရစ်ဖြစ်ပြီးမန်ယူ၊မန်စီးတီး၊ပီအက်စ်ဂျီတို့ကလည်းစိတ်ဝင်စားနေပါတယ်။

လက်ရှိအချိန်မှာဟယ်ရီကိန်းကတော့စပါးစ်ရဲ့အနာဂတ်နှင့်ပတ်သက်ပြီးတစ်စုံတစ်ရာစဉ်းစားခြင်းမရှိသေးဘဲအင်္ဂလန်နှင့်စပါးစ်အတွက်သာအပြည့်အဝအာရုံစိုက်နေကြောင်းဆိုသွားပါတယ်။

ZawGyi







