နယူးကာဆယ်ရဲ့ပဲ့ကိုင်ရှင်သစ်(သို့မဟုတ်)ပရီးမီးယားလိဂ်ကလပ် ၂၀ လုံးကို ဝယ်နိုင်အောင် ချမ်းသာတဲ့ ဆော်ဒီမင်းသား

ဆော်ဒီရင်းနှီးမြှပ်နှံရေးအဖွဲ့ရဲ့နယူးကာဆယ်ကိုဝယ်ယူရေးစီမံကိန်းဟာလမ်းကြောင်းပေါ်သို့ပြန်လည်ရောက်ရှိလာခဲ့ပြန်ပြီဖြစ်ပါတယ်။ဆော်ဒီအာဏာပိုင်တို့ကအိမ်နီးချင်းနိုင်ငံကာတာရဲ့ beIN Sports ရုပ်သံလိုင်းအား နိုင်ငံတွင်းမှာသုံးခွင့်ပိတ်ပင်ထားမှုကိုဖယ်ရှားလိုက်ပြီးနောက် ဆော်ဒီရဲ့နယူးကာဆယ်အားဝယ်ယူရေးအပေါ် ပရီးမီးယားလိဂ်ကမီးစိမ်းပြလိုက်ပြီဖြစ်ပါတယ်။

မိုဟာမက်ဘင်ဆယ်မန်ပိုင်ဆိုင်တဲ့ The Public Investment Fund ရဲ့နယူးကာဆယ်ကိုပေါင်သန်း၃၀၀နဲ့ဝယ်ယူရေးအတွက် ၂၀၁၉ခုနှစ်ကတည်းကသဘောတူညီမှုရှိလာခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ရဲ့ပိတ်ပင်ထားမှုများကြောင့်မအောင်မြင်ဘဲရပ်တန့်နေခဲ့တာပါ။ယခုအခါမှာတော့၎င်းတို့ဟာနယူးကာဆယ်အသင်းရဲ့၈၀ရာခိုင်နှုန်းကိုပိုင်ဆိုင်လာတော့မှာဖြစ်ပါတယ်။

နယူးကာဆယ်ပိုင်ရှင်သစ်ဖြစ်လာမယ့်မိုဟာမက်ဘင်ဆယ်မန်ဆိုတာဘယ်သူပါလဲ? သူကငွေကိုရေလိုဖြုန်းနိုင်ပြီးကမ္ဘာကျော်ပုဂ္ဂိုလ်ပေါင်းများစွာတို့နဲ့ ရင်းနှီးကျွမ်းကျင်သူလည်းဖြစ်ပါတယ်။

သူ့ရဲ့ငွေကြေးချမ်းသာကြွယ်ဝမှုကပေါ့သေးသေးမဟုတ်ပါဘူး။

သူကဆော်ဒီဘုရင်ဆယ်မန်ဘင်အဘူဒါလာဇီအယ်ဆက်ဒ်ရဲ့သားဖြစ်ပါတယ်။သူ့မိသားစုရဲ့ကြွယ်ဝချမ်းသာမှုက ပေါင် ၁ထရီလျှံနီးပါးအထိရှိပါတယ်။သူ့ရဲ့ကြွယ်ဝချမ်းသာမှုအတိုင်းက တိုင်းတာလို့မရပါဘူး။ အခုနယူးကာဆယ်ကိုဝယ်ယူတော့မယ့် သူဦးဆောင်နေတဲ့ Saudi Arabic Public Investment Fund ပေါင်ဘီလီယံ ၃၂၀ကြွယ်ဝချမ်းသာပါတယ်။သူဟာမန်စီးတီးပိုင်ရှင်ရှိတ်မန်ဆာ၊ပီအက်စ်ဂျီပိုင်ရှင်အယ်ခီလိုင်ဖီတို့ထက်အဆပေါင်းများစွာ ကြွယ်ဝချမ်းသာနေတာကတော့သေချာနေပါတယ်။

ဒီတော့အသက်၃၄နှစ်သာရှိသေးတဲ့မိုဟာမက်ဘင်ဆယ်မန်တစ်ယောက်ငွေကိုဘယ်လောက်အထိသုံးနိုင်တယ်ဆိုတာတွေးကြည့်ရုံနဲ့သိနိုင်ပါတယ်။

အကောင်းစားအပျံစားဇိမ်ခံပစ္စည်းများကိုသာသုံးစွဲလေ့ရှိတဲ့သူဟာကမ္ဘာ့တန်ဖိုးအကြီးဆုံးအိမ်ကိုပိုင်ဆိုင်သူဖြစ်သလိုတန်ဖိုးကြီးဇိမ်ခံရွက်လှေအပြင်တန်ဖိုးကြီးအနုပညာပန်းချီလက်ရာများစွာတို့ကိုလည်းပိုင်ဆိုင်ပါတယ်။

သူကငွေကြေးများစွာချမ်းသာပြီးဘုရင်တစ်ဦးရဲ့သားပီပီ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန်းအပါအဝင်ကမ္ဘာကျော်ပုဂ္ဂိုလ်ပေါင်းများစွာနဲ့နီးစပ်ခင်မင်သူလည်းဖြစ်ပါတယ်။

ဒါကသူ့ဘဝအစိတ်အပိုင်းမျှသာဖြစ်ပါတယ်။

အစောပိုင်းတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းများအရပရီးမီးယားလိဂ်ထိပ်သီးကလပ်များဟာ နယူးကာဆယ်ကို ဆော်ဒီမင်းသားလက်အောက်သို့ရောက်သွားပြီး ပရီးမီးယားလိဂ်ထိပ်သီးကလပ်အဖြစ်ပြန်လည်နှိုးထလာမှာကိုမလိုချင်တာကြောင့် အရောင်းအဝယ်ဖြစ်လာရေး တားဆီးမှုတွေလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။ပြောရမယ်ဆိုရင်ပရီးမီးယားလိဂ်ထိပ်သီးများဟာချန်ပီယံဆုအတွက်စိန်ခေါ်မယ့်နောက်ထပ်အသင်းတစ်သင်းမထွက်ပေါ်လာစေဖို့ ဆော်ဒီမင်းသားလက်အောက်သို့ နယူးကာဆယ်ရောက်မှာစိုးကြောက်နေခဲ့ကြတာလည်းဖြစ်ပါတယ်။

တကယ်လည်းကြောက်ရပါမယ်။မိုဟာမက်ဘင်ဆယ်မန်ကငွေကိုရေလိုဖြုန်းနိုင်တဲ့ရွှေမင်းသားတစ်ဦးဖြစ်ပါတယ်။နယူးကာဆယ်အသင်းကို နေ့ချင်းညချင်း နတ်ရေကန်ထဲချသလို ထိပ်သီးကလပ်တစ်ခုဖြစ်လာအောင် ငွေကြေးများစွာသုံးစွဲနိုင်စွမ်းရှိသူဖြစ်ပါတယ်။

အောက်မှာရေးသားလာမယ့် သူ့ရဲ့ငွေကြေးသုံးစွဲမှု၊ပိုင်ဆိုင်မှုတွေကိုကြည့်ရင် နယူးကာဆယ်ကို ဘယ်လောက်အထိသူဆွဲတင်ပေးနိုင်တယ်ဆိုတာမြင်နိုင်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးအိမ်

၂၀၁၅ခုနှစ်တုန်းကပဲရစ်အနောက်ဘက်မှာရှိတဲ့စံအိမ်ကြီးတစ်ခုကိုအမည်မဖော်လိုသူလူတစ်ဦးကပေါင်သန်း၂၃၀သုံးပြီးဝယ်ယူသွားခဲ့ပါတယ်။အဲဒီတုန်းကယင်းအိမ်ကကမ္ဘာ့တန်ဖိုးအကြီးဆုံးအိမ်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

နောက်၂နှစ်ကြာတဲ့အချိန်ကျမှယင်းအိမ်ကိုဝယ်ယူခဲ့သူကဘင်ဆယ်မန်ဆိုတာလူတွေသိရှိသွားခဲ့ကြပါတယ်။ယင်းစံအိမ်က Chateau Luis XIV ဖြစ်ပါတယ်။

အိပ်ခန်း၁၀ခန်းပါဝင်ပြီး Indoor နှင့် Outdoor ရေကူးပါဝင်သလို စာကြည့်တိုက်တစ်ခုလည်းပါဝင်ပါတယ်။စံအိမ်အဝင်လမ်းရေပန်းလည်းပါဝင်ပါတယ်။

သူဟာယင်းစံအိမ်ကြီးကို အမြဲနေဖို့ ဝယ်ယူလိုက်တာမဟုတ်ပါဘူး။ပြင်သစ်သို့အလုပ်ကိစ္စကြောင့်ဖြစ်ဖြစ်၊အပန်းဖြေဖို့ပဲဖြစ်ဖြစ် ရောက်ခဲ့ရင် ခဏ္ဏတဖြုတ်တည်းဖို့ခိုဖို့ ဝယ်ထားတာပါ။

The SERENE

ဘုရင့်သားတော်တစ်ဦးဖြစ်တာနဲ့အညီ သူကငွေသုံးဖို့ လက်တွန့်နေသူမဟုတ်ပါဘူး။သူဟာ၂၀၁၅ခုနှစ်သူဟာရုရှားဗော်ကာသူဌေးကြီးယူရီရှီဖလာရဲ့စူပါရွက်လှေကြီးကိုပေါင်သန်း၃၈၀ပေးပြီးဝယ်ယူခဲ့ပါတယ်။ The Serene ကကမ္ဘာ့အကြီးမားဆုံးရွက်လှေထဲမှတစ်စီးဖြစ်ပါတယ်။

အနုပညာမြတ်နိုးသူကြီး

ငွေကြေးချမ်းသာကြွယ်ဝတဲ့သူအများစုလိုပဲ ဘင်ဆယ်မန်ကလည်းအနုပညာမြတ်နိုးသူတစ်ဦးဖြစ်ပါတယ်။သူပိုင်ဆိုင်တဲ့အနုပညာပစ္စည်းတွေထဲမှာတကယ့်အထွဋ်အထိပ်အနုပညာလက်ရာအချို့ပါဝင်နေပါတယ်။

၂၀၁၇ခုနှစ်တုန်းကသူဟာလီယိုနာဒိုဒါဗင်ချီရဲ့ပန်းချီလက်ရာတစ်ခုကိုပေါင်သန်း၃၄၀ပေးပြီးဝယ်ယူခဲ့ပါတယ်။ဒါဗင်ချီရဲ့လက်ရာထဲမှာတန်ဖိုးအကြီးမားဆုံးပန်းချီလက်ရာဖြစ်ပါတယ်။

ယင်းပန်းချီကားကို ယနေ့အချိန်မှာ ယူအေအီးနိုင်ငံ၊အဘူဒါဘီက Louvre ပြတိုက်မှာပြသထားပါတယ်။

ဒေါ်နယ်ထရန်းနှင့် သူငယ်ချင်း

အိမ်ဖြူတော်ထက်ကြီးကျယ်ခမ်းနားတာမရှိပါဘူး။ဆော်ဒီမင်းသားဟာကမ္ဘာတလွှားသို့နိုင်ငံရေးကိစ္စအတွက်ကမ္ဘာတလွှားမှဩဇာကြီးမားတဲ့ခေါင်းဆောင်ပေါင်းများစွာနဲ့ တွေ့ဆုံလာခဲ့ရသူဖြစ်ပါတယ်။

ဒေါ်နယ်ထရန်းဟာ၂၀၁၈ခုနှစ်တုန်းကအသတ်ခံရတဲ့ဂျာနယ်လစ်ဂျာမယ်ခါရှော့ဂျီနှင့်ပတ်သက်ပြီးဆော်ဒီနှင့်ပြဿနာတွေရှိပါတယ်။ဒါပေမယ့်ထရန်းဟာဘင်ဆယ်မန်နှင့်တော့အလွန်ခင်မင်ရင်းနှီးသူဖြစ်ပါတယ်။

သူဟာမွတ်စလင်များကို နိုင်ငံတွင်းသို့ဝင်ခွင့်ပိတ်ပင်မှုနဲ့ပတ်သက်ပြီးအမေရိကန်သို့သွားရောက်ကာထရန်းနှင့်တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံမှုအပြီးမှာမင်းသားကထရန်းဟာတစ်ကမ္ဘာလုံးမှမွတ်စလင်များအတွက်စစ်မှန်တဲ့သူငယ်ချင်းတစ်ဦးလို့သူယူဆကြောင်းဖွင့်ဟခဲ့ပါတယ်။

မင်းသမီးလေးဦးပိုင်ဆိုင်ထား

သူကငွေကိုရေလိုသုံးပြီး လူထုအကြားနာမည်ကြီးပေမယ့်သူ့ကသိုသိုသိပ်သိပ်နေထိုင်တတ်သူဖြစ်ပါတယ်။သူဟာ၂၀၀၈ခုနှစ်တုန်းက ဆာရာဘန့်မတ်ရှ်ဟော်နှင့်လက်ထပ်ခဲ့ပြီးကလေးလေးဦးပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့်သူဟာအလုပ်ကိစ္စခရီးထွက်တဲ့အခါဇနီးသည်ကိုဘယ်တော့မှခေါ်ဆောင်သွားလေ့မရှိပါဘူး။ဒါကြောင့်လည်းသူ့ဇနီးသည်ကို Barbie Princess လို့ခေါ်ဝေါ်ကြပါတယ်။

တကယ်တော့သူ့မှာဇနီးသည်တစ်ဦးပဲရှိတာမဟုတ်ပါဘူး။ဒေသခံမီဒီယာများရဲ့ဖော်ပြချက်အရဇနီးလေးဦးအထိရှိကြောင်းသိရပါတယ်။သူကိုယ်တိုင်ကတော့ဘယ်တုန်းကမှယင်းကိုအတည်မပြုခဲ့ဖူးပါဘူး။