နယူးယောက်အိတ်ချိန်း စည်းမျဉ်းကြောင့် ဆိုးလ်ရှားကို ထုတ်ရန် တနင်္လာအထိစောင့်ရမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာနယူးယောက်အိတ်ချိန်းရဲ့စည်းမျဉ်းကြောင့်အိုလီဂန်းနားဆိုးလ်ရှားအားရာထူးမှထုတ်ပယ်ရန်အတွက်မနက်ဖြန်အထိစောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။

မန်ယူဘုတ်အဖွဲ့ဝင်များဟာမနေ့တုန်းကဝက်ဖို့ဒ်ကိုရှုံးနိမ့်ပြီးနောက် ညနေပိုင်းတွင်ဘုတ်အဖွဲ့အစည်းအဝေးတွင်အိုလီဂန်းနားဆိုးလ်ရှားကိုဆုံးဖြတ်ထားကြပြီးဖြစ်ပါတယ်။

ဒါပေမယ့်မန်ယူရဲ့ဆိုးလ်ရှားအားထုတ်ပယ်ရေးမှာလေထဲမှာရှိသေးဆဲဖြစ်ပြီးတရားဝင်ကြေညာမှုမပြုလုပ်နိုင်သေးပါဘူး။မန်ယူအနေဖြင့်နယူးယောက်အိတ်ချိန်းစည်းမျဉ်းကြောင့်မနက်ဖြန်အထိစောင့်ရပါမယ်။

မန်ယူအသင်းပိုင်ရှင်ဂလေဇာမိသားစုဟာအသင်းရဲ့ကြွေးမြီများကိုဖြေရှင်းနိုင်ရန်အတွက်၂၀၁၂ခုနှစ်တုန်းကနယူးယောက်အိတ်ချိန်းသို့ဝင်ရောက်ခဲ့ပါတယ်။

မန်ယူအနေဖြင့်လုပ်ငန်းအတွင်းအပြောင်းအလဲမပြုလုပ်မီနယူးယောက်အိတ်ချိန်းသို့အကြောင်းကြားမှုပြုလုပ်ရပါမယ်။

နယူးယောက်အိတ်ချိန်းမှာတနင်္လာနေ့နံနက်၉နာရီတွင်မှပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ်။ဒါကြောင့်မန်ယူဟာဒေသတွင်းအချိန်ကွာဟချက်ကြောင့်တနင်္လာနေ့ဗြိတိန်စံချိန်နေ့လည်၁နာရီ၃၀မိနစ်အချိန်အထိဆိုးလ်ရှားအားထုတ်ပယ်ရန်စောင့်ဆိုင်းရပါမယ်။

နည်းပြအပြောင်းအလဲပြုလုပ်မှုမှာရှယ်ယာဈေးနှုန်းအပြောင်းအလဲအပေါ်ကိုများစွာလွှမ်းမိုးမှုရှိပါတယ်။

၂၀၁၈ခုနှစ်တုန်းကမော်ရင်ဟိုကိုထုတ်ပယ်စဉ်တုန်းကလည်းမန်ယူအသင်းရှယ်ယာမှာယခင်ကဒေါ်လာ၁၇.၃၄ရှိရာမှဒေါ်လာ၁၇.၇၈သို့အထိမြင့်တက်ခဲ့ပါတယ်။

ဒါ့အပြင်ဒေးဗစ်မိုယက်စ်အားထုတ်ပယ်စဉ်တုန်းကလည်းမန်ယူရှယ်ယာဈေးနှုန်းမှာဒေါ်လာ၁၇.၇၂မှဒေါ်လာ၁၈.၆၀သို့အထိတက်သွားခဲ့ပါတယ်။

လတ်တလောထွက်ပေါ်နေတဲ့သတင်းအရမန်ယူဟာဆိုးလ်ရှားကိုထုတ်ပယ်ပြီးပါကဇီဒန်းကိုခန့်အပ်နိုင်ရန်ကြိုးပမ်းသွားမှာဖြစ်ပြီးမခန့်အပ်မီကာလအတွင်းတွင်ဒါရင်းဖလက်ချာနှင့်မိုက်ကယ်ကာရစ်တို့ကိုယာယီနည်းပြအဖြစ်ခန့်အပ်သွားမယ်လို့သိရပါတယ်။

ZawGyi










