နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင် အင်္ကျီအမှားဝတ်ဆင်ခဲ့ရပြီး အောက်တိုဘာလအထိ ပြင်ဆင်နိုင်မှာ မဟုတ်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ထုတ်လုပ်မှုပိုင်း အမှားကြောင့် နော်တင်ဟမ်ဖောရက်စ်နှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် အင်္ကျီကို ဝတ်ဆင်ကစားခဲ့ရပါတယ်။

အာဆင်နယ်ဟာ စနေနေ့ညတုန်းက အမ်းမရိတ်ကွင်းတွင် နော်တင်ဟမ်ဖောရက်စ်နှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲ ကစားခဲ့ရပါတယ်။

ဒါပေမဲ့ ၎င်းတို့ဟာ Adidas ရဲ့ အင်္ကျီထုတ်လုပ်မှု ဒီဇိုင်းမှားယွင်းမှုကြောင့် အင်္ကျီအမှားကို ဝတ်ဆင်ခဲ့ရပါတယ်။

Adidas ဟာ ၂၀၀၃-၀၄ ရာသီတုန်းက ရှုံးပွဲမရှိမှတ်တမ်းဖြင့် ပရီးမီးယားလိဂ်ဖလားဆွတ်ခူးမှုကို ဂုဏ်ပြုတဲ့အနေဖြင့် အိမ်ကွင်းဝတ်စုံသစ်ရဲ့အတွင်းဘက်တွင် ရှုံးပွဲမရှိမှတ်တမ်းကို WD ဖြင့် ဖော်ပြခဲ့ပါတယ်။

ထိုစဉ်တုန်းက ဝင်းဂါးဦးဆောင်တဲ့ အာဆင်နယ်ဟာ ၂၆ ပွဲနိုင်၊ ၁၂ ပွဲသရေဖြင့် ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ Adidas ဟာ မှားယွင်းစွာပင် ၃၈ ပွဲမှ ၃၂ ပွဲတည်းကိုသာ မှားယွင်းထည့်သွင်းခဲ့မိပါတယ်။

ဒါကြောင့်လည်း အာဆင်နယ်နှင့် Adidas တို့ဟာ အာဆင်နယ်အိမ်ကွင်းအင်္ကျီသစ် ရောင်းချမှုကို ရပ်တန့်ခဲ့ရပါတယ်။

အာဆင်နယ်ဟာ Adidas ဘက်က ထုတ်လုပ်ပိုင်းနှောင့်နှေးနေမှုနှင့်အတူ လာမယ့် အောက်တိုဘာလအထိ အင်္ကျီသစ် ရရှိလာဦးမှာ မဟုတ်ပါဘူး။

ဒါကြောင့်လည်း အာဆင်နယ်ဟာ နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲအပါအဝင် အောက်တိုဘာလအထိ ပွဲများကို အင်္ကျီအမှားဖြင့်ပင် ဆက်ကစားသွားရပါမယ်။

အာဆင်နယ်ဟာ နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင် အင်္ကျီအမှားဖြင့် ကစားခဲ့ရပေမဲ့လည်း အက်ဒီနကီတာ၊ ဘူကာယိုဆာကာတို့ရဲ့ ဂိုးဖြင့် ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။