ပထမဆုံးကစားတဲ့ပွဲတွင် ဒူးဒဏ်ရာပြင်းထန်စွာရရှိကာ တမ်ဘား လအတန်ကြာ နားရမည်ကို အာဆင်နယ်စိုးရိမ်နေရ

အာဆင်နယ်ဟာ ကစားသမားသစ်ဂျူရီယန်တမ်ဘားမှာ အသင်းအတွက် ပထမဆုံးကစားတဲ့ပွဲတွင်ပင် ဒူးဒဏ်ရာရရှိပြီး လအတန်ကြာ အနားယူရမည်ကို စိုးရိမ်နေရပါတယ်။

ပေါင် ၃၄ သန်းဖြင့် အေဂျက်စ်မှ ရောက်လာတဲ့ တမ်ဘားဟာ ပထမဆုံးပရီးမီးယားလိဂ်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့ပါတယ်။

အသက် ၂၂ နှစ်ရှိ နယ်သာလန်နောက်ခံလူဟာ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရတဲ့ ပထမပိုင်းတွင် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်းအထိ ဆက်ကစားခဲ့ပေမဲ့လည်း ပွဲချိန် ၅၁ မိနစ်မှာ ဆက်မကစားနိုင်တော့ဘဲ လူစားလဲလှယ်ခဲ့ရပါတယ်။

Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဆေးအဖွဲ့ဟာ ဂျူရီယန်တမ်ဘားရဲ့ ဒဏ်ရာကို စစ်ဆေးမှုများ ပြုလုပ်ရာတွင် စိုးရိမ်စရာကောင်းတဲ့အနေအထားမျိုး တွေ့နေရကြောင်း သိရပါတယ်။

ယင်းသို့ စိုးရိမ်စရာကောင်းတဲ့အနေအထားမျိုးကြောင့် ဒတ်ချ်နောက်ခံလူမှာ ရက်သတ္တပတ်အနည်းငယ်မျှတင်မက လအတန်ကြာပါ အနားယူလာရနိုင်ပါတယ်။

တကယ်လို့များ တမ်ဘားသာ လအတန်ကြာ အနားယူရပါက အသင်းသို့ ရောက်လာချိန်တွင် အံဝင်ရေး ကြိုးပမ်းနေရချိန်မှာ ပိုမိုကြန့်ကြာလာတော့မှာလည်း ဖြစ်ပါတယ်။