ပရီးမီးယားလိဂ်ရဲ့ကလပ်တိုင်းရဲ့လုပ်ခအနည်းဆုံးကစားသမားစာရင်းထွက်ပေါ်လာ၊တစ်ပတ်လုပ်ခပေါင် ၂၅၀၀ သာရရှိသူလည်းရှိနေ

ယခုအပတ်အစောပိုင်းတုန်းကဒါနီအဲလ်ဗက်စ်ဟာအသက်၃၈နှစ်အရွယ်ရောက်ချိန်မှဘာစီလိုနာသို့ပြန်လည်ပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်။ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းကတော့ဒါနီအဲလ်ဗက်စ်ဟာဘာစီလိုနာမှာတစ်လလုပ်ခ တစ်ယူရိုပဲရမယ်ဆိုတဲ့အချက်ပါ။သူဟာဘာစီလိုနာရဲ့ဘဏ္ဍာရေးပြဿနာကိုကူညီတဲ့အနေနဲ့တစ်လ တစ်ယူရိုပဲယူတာပါ။

သူဟာလက်ရှိကမ္ဘာ့ဘောလုံးလောကမှာလုပ်ခအနည်းဆုံးကစားသမားဖြစ်လာဖို့တော့သေချာနေပါတယ်။ဒါပေမယ့်သူဟာကလပ်ဘက်ကငွေကြေးပြဿနာရှိလို့အခုလိုတစ်ယူရိုပဲယူတာဖြစ်လို့ နားလည်လို့ရပါတယ်။

ယခုထွက်ပေါ်လာတဲ့ပရီးမီးယားလိဂ်ကလပ်၂၀သင်းစီမှလုပ်ခအနည်းဆုံးကစားသမားစာရင်းကိုကြည့်မိတဲ့အချိန်မှာပိုပြီးတော့တောင်အံ့ဩသင့်ရပါတယ်။

ပရီးမီးယားလိဂ်မှာရော်နယ်ဒိုလို တစ်ပတ်လုပ်ခပေါင်၅သိန်းနီးပါးရတဲ့သူရှိသလိုတစ်ပတ်လုပ်ခပေါင်၂၅၀၀မျှသာရရှိတဲ့အထိ လုပ်ခအလွန်နည်းပါးသူတွေလည်းရှိနေတာတွေ့ရပါတယ်။

အာဆင်နယ်မှာလုပ်ခအနည်းဆုံးကစားသမားကနွေရာသီတုန်းကရောက်လာတဲ့ပေါ်တူဂီလူငယ်လက်ရွေးစင်နူနိုတာဗာရက်စ်ဖြစ်ပြီးတစ်ပတ်လုပ်ခပေါင်၂၇၀၀၀ဘဲရှိပါတယ်။သူဟာအာဆင်နယ်မှာလုပ်ခအနည်းဆုံးဆိုပေမယ့်မီခေးလ်အာတီတာအတွက်ယခုရာသီမှာပရီးမီးယားလိဂ်ပွဲ၁၁ပွဲကစားပေးထားပြီးဖြစ်ပါတယ်။

ဗီလာရဲ့လုပ်ခအနည်းဆုံးကလူငယ်အလယ်တန်းကစားသမားဂျာကော့ဘ်ရမ်ဆေးဖြစ်ပြီးတစ်ပတ်လုပ်ခပေါင်၁၅၀၀၀ဘဲရပါတယ်။အသက်၂၀နှစ်ရှိကစားသမားဟာယခုရာသီမှာပရီးမီးယားလိဂ်ပွဲ၁၀ပွဲကစားထားသလိုအာဆင်နယ်ကို၃-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာပထမဆုံးဗီလာဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ရဲ့လုပ်ခအနည်းဆုံးကစားသမားကဂျန်ဇမ်ဘူရစ်ခ်ဖြစ်ပြီးတစ်ပတ်လုပ်ခပေါင်၃၁၅၀ပဲရပါတယ်။သူဟာချန်ပီယံရှစ်မှာတုန်းက၂၃ပွဲကစားခွင့်ရခဲ့ပေမယ့်ပရီးမီးယားလိဂ်မှာကစားခွင့်ရဖို့စောင့်နေတုန်းပါ။

ဘရိုက်တန်ရဲ့လုပ်ခအနည်းဆုံးကဂျာကူးမိုဒါဖြစ်ပါတယ်။သူကတစ်ပတ်လုပ်ခပေါင်၁၀၀၀၀ဘဲရနေပါတယ်။အသက်၂၂နှစ်ရှိအလယ်တန်းကစားသမားဟာ၂၀၂၀ခုနှစ်မှာပိုဇ်နန်မှပြောင်းလာပြီးနောက်ပရီးမီးယားလိဂ်ပွဲ၂၂ပွဲကစားခွင့်ရထားပါတယ်။

ဘန်လေရဲ့လုပ်ခအနည်းဆုံးကဝဲလ်နော်ရစ်ပါ။သူကတစ်ပတ်လုပ်ခပေါင်၅၇၆၉ဘဲရနေပါတယ်။အသက်၂၈နှစ်ရှိအရန်ဂိုးသမားဟာပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်ပွဲနှစ်ပွဲကစားခွင့်ရခဲ့ပါတယ်။သူဟာ၂၀၂၀ခုနှစ်နွေမှာရောက်လာပြီးနောက်ဘန်လေအတွက်၃ပွဲတည်းသာကစားထားရသေးပါတယ်။ဒီတော့လုပ်ခအနည်းဆုံးကစားသမားဖြစ်သင့်ပါတယ်။

ချဲလ်ဆီးရဲ့လုပ်ခအနည်းဆုံးဂိုးသမားကတတိယဂိုးသမားမားကပ်စ်ဘက်တီနယ်လီဖြစ်ပါတယ်။သူဟာချဲလ်ဆီးမှာလုပ်ခအနည်းဆုံးဆိုပေမယ့်တစ်ပတ်လုပ်ခပေါင်၃၅၀၀၀ရနေပါတယ်။နွေရာသီတုန်းကလိဒ်ကပြောင်းလာတဲ့သူဟာချဲလ်ဆီးအတွက်တစ်မိနစ်တောင်ကစားခွင့်မရသေးပါဘူး။

ခရစ္စတယ်ပဲလေ့စ်မှာလုပ်ခအနည်းဆုံးကရီမီမက်သောဖြစ်ပြီးတစ်ပတ်လုပ်ခပေါင်၄၇၀၀ပဲရပါတယ်။နွေရာသီမှာဆန်းဒါးလန်းကပြောင်းလာတဲ့သူဟာပရီးမီးယားလိဂ်ပွဲတစ်ပွဲမျှမကစားဖူးသေးပါဘူး။

အဲဗာတန်မှာလုပ်ခအနည်းဆုံးကအန်တိုနီဂေါ်ဒွန်ပါ။တစ်ပတ်လုပ်ခပေါင်၁၀၀၀၀ရပါတယ်။အသက်၂၀နှစ်ရှိလူငယ်ဟာအဲဗာတန်ရဲ့နောက်ဆုံးပရီးမီးယားလိဂ်၇ပွဲလုံးကစားထားပါတယ်။အခုပေါင်၁၀၀၀၀ပဲရသေးပေမယ့် မဝေးတော့တဲ့ကာလမှာလုပ်ခတိုးမြှင့်ရလာဖို့သေချာပါတယ်။

လိဒ်မှာလုပ်ခအနည်းဆုံးကဂျေမီချက်လီတွန်ဖြစ်ပြီးတစ်ပတ်လုပ်ခပေါင်၁၇၀၀၀ရပါတယ်။လိဒ်အကယ်ဒမီထွက်ကစားသမားဟာပရီးမီးယားလိဂ်ပွဲ၂၁ပွဲကစားခွင့်ရထားပါတယ်။

လက်စတာမှာလုပ်ခအနည်းဆုံးကစားသမားကလုခ်သောမတ်စ်ဖြစ်ပါတယ်။ဘယ်နောက်ခံလူဟာလက်စတာမှာတစ်ပတ်လုပ်ခပေါင်၂၅၀၀၀ရနေပါတယ်။သူဟာမေလတုန်းကအိုးထရက်ဖို့ဒ်မှာမန်ယူကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာအံ့ဩစရာကောင်းတဲ့ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ယင်းနိုင်ပွဲကလက်စတာအတွက်၁၉၉၈ခုနှစ်နောက်ပိုင်းပထမဆုံးမန်ယူနိုင်ပွဲဖြစ်ပါတယ်။

လီဗာပူးရဲ့လုပ်ခအနည်းဆုံးကစားသမားကနီကိုဝီလီယမ်ဖြစ်ပါတယ်။သူဟာတစ်ပတ်လုပ်ခပေါင်၉၀၀၀ဘဲရနေပါတယ်။ဝေးလ်နောက်ခံလူဟာထရန်းအလက်ဇန္ဒာအာနိုး(သို့မဟုတ်)အင်ဒီရောဘတ်ဆင်တို့ဒဏ်ရာရနေမှပွဲကစားရသူပါ။ယခုဆီမီကစ်ကအကောင်းဆုံးပုံစံရလာလို့နေရာရဖို့ပိုခက်လာပါပြီ။

မန်စီးတီးမှာလုပ်ခအနည်းဆုံးကလီယမ်ဒီလက်ပ်ပါ။တစ်ပတ်လုပ်ခပေါင်၈၀၀၀ဘဲရနေပါတယ်။စတုတ်ကစားသမားဟောင်းရိုရီဒီလက်ပ်ရဲ့သားဟာပရီးမီးယားလိဂ်ပွဲတစ်ပွဲမျှမကစားရသေးပါဘူး။ဒါပေမယ့်ပရီးမီးယားလိဂ်၂မှာတော့ပုံမှန်ကစားခွင့်ရနေပါတယ်။

မန်ယူမှာလုပ်ခအနည်းဆုံးကရှိုလာရှိုးတိုင်းယာဖြစ်ပါတယ်။မတ်လကမှပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခွင့်ရခဲ့တဲ့သူဟာမန်ယူမှာတစ်ပတ်လုပ်ခပေါင်၈၀၀၀ဘဲရနေပါတယ်။ယင်းနောက်သူဟာနယူးကာဆယ်နှင့်ပွဲတွင်ပထမဆုံးပရီးမီးယားလိဂ်ပွဲကစားခွင့်ရခဲ့ပြီးဆိုစီဒက်နှင့်ယူရိုပါလိဂ်ပွဲမှာပါဝင်ကစားကာမန်ယူသမိုင်းတွင်အသက်အငယ်ဆုံးဥရောပပွဲကစားခွင့်ရသူဖြစ်လာပါတယ်။

နယူးကာဆယ်မှာလုပ်ခအနည်းဆုံးကမတ်ဂယ်လီစပီးဖြစ်ပါတယ်။တစ်ပတ်လုပ်ခပေါင်၁၁၅၃၈ဘဲရပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကခါရာဘောင်မှာသုံးပွဲကစားခွင့်ရခဲ့တဲ့သူဟာပရီးမီးယားလိဂ်ပွဲတစ်ပွဲမှမကစားဖူးသေးပါဘူး။

နော့ဝှစ်ချ်မှာလုပ်ခအနည်းဆုံးကဘာလီမမ်ဘာဖြစ်ပြီးတစ်ပတ်လုပ်ခပေါင်၅၀၀၀သာရပါတယ်။သူဟာလုပ်ခအရမ်းနည်းတယ်ဆိုပေမယ့်တန်းတက်ဘရန်ဖို့ဒ်၊ဝက်ဖို့ဒ်တို့မှလုပ်ခအနည်းဆုံးကစားသမားတွေထက်တော့လုပ်ခပိုရပါသေးတယ်။

ဆောက်သမ်တန်မှာလုပ်ခအနည်းဆုံးကနသန်တဲလ်လာဖြစ်ပါတယ်။တစ်ပတ်လုပ်ခပေါင်၁၂၀၀၀ရပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကစီနီယာအသင်းသို့တက်လှမ်းလာခဲ့ပြီးနောက်မေလတုန်းကဖူလ်ဟမ်ကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာပထမဆုံးပရီးမီးယားလိဂ်ဂိုးသွင်းခဲ့ပါတယ်။ဒပေမယ့်လုပ်ခတိုးခြင်းတော့မခံခဲ့ရပါဘူး။

စပါးစ်မှာလုပ်ခအနည်းဆုံးကအိုလီဗာစကစ်ပ်ဖြစ်ပါတယ်။တစ်ပတ်လုပ်ခပေါင်၂၄၀၀၀ရပါတယ်။အင်္ဂလန်ယူ၂၁လက်ရွေးစင်ဟာပြီးခဲ့တဲ့ရာသီတုန်းက နော့ဝှစ်ချ်မှာချန်ပီယံရှစ်ပွဲ၄၅ပွဲကစားခဲ့သူဖြစ်ပါတယ်။သူဟာစပါးစ်မှာအဓိကကစားသမားအဖြစ်အထိုင်ကျနေပြီဖြစ်ပြီးစပါးစ်ရဲ့ပရီးမီးယားလိဂ်ပွဲ၁၁ပွဲမှာ၉ပွဲကစားခွင့်ရထားပါတယ်။

ဝက်ဖို့ဒ်ရဲ့လုပ်ခအနည်းဆုံးကစားသမားကဂျီရီမီငါကီယာဖြစ်ပြီးတစ်ပတ်လုပ်ခပေါင်၂၅၀၀သာရပါတယ်။သူကပရီးမီးယားလိဂ်မှာလုပ်ခအနည်းဆုံးကစားသမားဆိုရင်လည်းမမှားပါဘူး။ပြီးခဲ့တဲ့နှစ်နွေတုန်းကဝက်ဖို့ဒ်သို့ရောက်လာတဲ့သူဟာချန်ပီယံရှစ်မှာ၂၅ပွဲကစားခွင့်ရခဲ့ပါတယ်။သူဟာပရီးမီးယားလိဂ်မှာတစ်မိနစ်တောင်မကစားဖူးသေးပါဘူး။

ဝက်စ်ဟမ်းရဲ့လုပ်ခအနည်းဆုံးကဘင်ဂျွန်ဆင်ပါ။တစ်ပတ်လုပ်ခပေါင်၁၉၂၃၁ရနေပါတယ်။အသက်၂၁နှစ်ရှိကစားသမားဟာပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်ပွဲ၁၄ပွဲကစားခွင့်ရခဲ့ကာဝက်စ်ဟမ်းအကောင်းဆုံးလူငယ်ကစားသမားဆုရရှိခဲ့ပါတယ်။သူဟာယခုရာသီမှာလည်းအကောင်းဆုံးပုံစံဖြင့်ဆက်လက်ကစားနေပြီးပြီးခဲ့တဲ့လတုန်းကဗီလာကို၄-၁နဲ့အနိုင်ရတဲ့ပွဲမှာအဖွင့်ဂိုးသွင်းခဲ့ပါတယ်။