
ချဲလ်ဆီးဟာ ခရစ္စတယ်ပဲလေ့စ်မှ မိုက်ကယ်အိုလစ်ကို စာချုပ်ပါအချက်အတိုင်း စာချုပ်ဖျက်သိမ်းကြေးပေးကာ ခေါ်ယူရန် သဘောတူညီမှု ရရှိလာပါတယ်။
ချဲလ်ဆီးဟာ လန်ဒန်တောင်ပိုင်းကလပ်မှ ကစားသမားကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူလာမှာလည်း ဖြစ်ပါတယ်။
အသက် ၂၁ နှစ်ရှိ ပြင်သစ်ယူ-၂၁ လက်ရွေးစင်ဟာ အစောပိုင်းတုန်းက မန်စီးတီးနှင့်အာဆင်နယ်တို့ရဲ့ ပစ်မှတ်ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။ မန်စီးတီးက ရီယက်မရာ့ဇ်နေရာတွင် အစားထိုးလိုနေသလို အာဆင်နယ်ကလည်း ဘူကာယိုဆာကာနှင့်အပြိုင် နေရာလုမဲ့သူတစ်ဦးအဖြစ် ခေါ်ယူလိုနေခဲ့တာ ဖြစ်ပါတယ်။
ယခုအခါမှာတော့ ချဲလ်ဆီးဟာ မန်စီးတီးနှင့် အာဆင်နယ်တို့ကို ကျော်ဖြတ်ပြီး အိုလစ်အား ခေါ်ယူရန် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အိုလစ်ဟာ ယခုရက်ပိုင်းအတွင်းတွင် ဆေးစစ်ဆေးမှု ခံယူပြီး ချဲလ်ဆီးသို့ ပြောင်းရွှေ့လာပါမယ်။
လန်ဒန်ဖွားအိုလစ်ဟာ ၂၀၂၁ ခုနှစ်တွင် ရီးဒင်းမှ ပဲလေ့စ်သို့ ရောက်လာပြီးနောက် ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ်တွင် ၁၁ ကြိမ်အထိ ဖန်တီးပေးခဲ့ပါတယ်။
သူဟာ ချဲလ်ဆီးအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်တွင် ချဲလ်ဆီးမှ ထွက်ခွာသွားခဲ့သူလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် သူဟာ ယူရို ယူ-၂၁ ပြိုင်ပွဲတုန်းက ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပါတယ်။
ချဲလ်ဆီးဟာ ကိုင်စီဒိုအား ခေါ်ယူပြီးနောက် ချက်ချင်းဆိုသလို ဆောက်သမ်တန်မှ လာဗီယာနှင့် ပဲလေ့စ်မှ အိုလစ်တို့အား ခေါ်ယူရန် သဘောတူညီမှုရလာတာ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ အိုလစ်အပြောင်းအရွှေ့ကြောင့် တော့ဒ်ဘိုလေးလက်ထက် အသုံးစရိတ် ပေါင် ၁ ဘီလီယံအထိ ရှိလာပြီ ဖြစ်ပါတယ်။