
အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်ဂိုးသမားဒေးဗစ်ရာယာကို ပေါင် ၃ သန်းဖြင့် တစ်ရာသီအငှားစာချုပ်ချုပ်ဆို ခေါ်ယူလိုက်ပါတယ်။ အာဆင်နယ်ဟာ ရာယာရဲ့ အငှားစာချုပ်အတွင်းတွင် ရာသီအကုန်တွင် ပေါင် ၂၇ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
အသက် ၂၇ နှစ်ရှိ စပိန်လက်ရွေးစင်ဂိုးသမားဟာ အာဆင်နယ်ရဲ့ ပွဲထွက်လူစာရင်းတွင် ပါဝင်ခွင့် ရရှိရေးအတွက် အင်္ဂလန်ဂိုးသမားအေရွန်ရမ်ဒေးလ်နှင့် ယှဉ်ပြိုင်သွားရပါမယ်။
ရာယာဟာ အာဆင်နယ်ဂိုးနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အိုင်နာကီကာနာနှင့် ဘရန့်ဖိုဒ်တွင် လက်တွဲခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ရာယာဟာ မန်စီးတီးဂိုးသမားအီဒါဆင်ကဲ့သို့ပင် အသင်းရဲ့ ကစားကွက်ထဲတွင် ပါဝင်ကစားနိုင်စွမ်းရှိသူဖြစ်ပြီး ယင်းအချက်မှာ အေရွန်ရမ်ဒေးလ်ထက် သာလွန်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
အာတီတာဟာ နောက်တန်း ၄ ဦးနှင့် ဂိုးသမားတို့အကြား နေရာလွတ် ကျဉ်းမြောင်းအောင် ဧရိယာအပြင်သို့ထွက်ကာ ဘောလုံးအပေးအယူလုပ်ပြီး ကစားနိုင်စွမ်း ရှိတဲ့ ဂိုးသမားတစ်ဦး အလိုရှိနေခဲ့မှုနှင့်အတူ ရာယာကို ခေါ်ယူလာတာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ အစောပိုင်းတုန်းက ရာယာကို အပြီးသတ်ခေါ်ယူလိုခဲ့ပေမဲ့လည်း ဘရန့်ဖို့ဒ်ဘက်က ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ အထိ တောင်းဆိုမှုကြောင့် အငှားဖြင့်သာ ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။