မန်စီးတီးအသင်းခေါင်းဆောင်ကီဗင်ဒီဘရိုင်း လေးလကြာ အနားယူရမည်

ကီဗင်ဒီဘရိုင်းဟာ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှုများ ပြုလုပ်ရေးအတွက် မဆုံးဖြတ်ရသေးပေမဲ့လည်း အနည်းဆုံး ၄ လအထိ အနားယူလာရတော့မှာ ဖြစ်ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက အတည်ပြုပြောကြားလာပါတယ်။

အသက် ၃၂ နှစ်ရှိ ကီဗင်ဒီဘရိုင်းဟာ သောကြာနေ့တုန်းက Turf Moore တွင် ဘန်လေအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ပွဲချိန် ၂၃ မိနစ်မှာပင် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဇွန်လတုန်းက အစ္စတန်ဘူလ်တွင် အင်တာမီလန်ကို အနိုင်ရရှိတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကို ထပ်ထိခဲ့တာလည်း ဖြစ်ပါတယ်။

ဂွါဒီယိုလာက “ဒဏ်ရာပြင်းတယ်။ ခွဲစိတ်မလား၊ မခွဲစိတ်ဘူးလား ဆုံးဖြတ်ရမယ်။ ဒါပေမဲ့ သေချာတာကတော့ လအနည်းငယ်တော့ သူ နားရမယ်။ လာမယ့်ရက်တွေမှာ ခွဲစိတ်မလားဆိုတာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ပါမယ်။ သုံးလကနေ လေးလအထိ အနားယူရပါမယ်”လို့ ပြောကြားသွားပါတယ်။

ကီဗင်ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ၁၀ ဂိုးသွင်းပြီး ၃၁ ကြိမ်ဖန်တီးကာ မန်စီးတီးအား ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားတို့ ဆွတ်ခူးနိုင်အောင် ကူညီခဲ့ပါတယ်။

သူဟာ ယနေ့ညတွင် အေသင်တွင် ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာနှင့် ရင်ဆိုင်ကစားရမဲ့ ဥရောပစူပါဖလားပွဲကို စတင်လွဲချော်ပါမယ်။