မော်ရိုကိုပရိသတ်များဆူပူသောင်းကျန်း၍ မီးသတ်ပိုက်၊မျက်ရည်ယိုဗုံးသုံးကာ ထိန်းသိမ်းခဲ့ရတဲ့ ဘယ်လ်ဂျီယံရဲတပ်ဖွဲ့

ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ဝင်များဟာဘယ်လ်ဂျီယံကမော်ရိုကိုကိုကမ္ဘာ့ဖလားပြိုင်ပွဲတွင်၂-၀ဂိုးဖြင့်တုန်လှုပ်ဖွယ်ရှုံးနိမ့်ပြီးနောက်ဘရပ်ဆဲလ်တွင်ဆူပူသောင်းကျန်းမှုပြုလုပ်ခဲ့ကြတဲ့မော်ရိုကိုပရိသတ်များကိုမီးသတ်ပိုက်၊မျက်ရည်ယိုဗုံးတို့အသုံးပြုကာထိန်းသိမ်းမှုပြုလုပ်ခဲ့ရပါတယ်။

မနေ့ညတုန်းဘယ်လ်ဂျီယံကမော်ရိုကိုကို၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမတိုင်မီတွင်မော်ရိုကိုပရိသတ်များဟာဘရပ်ဆဲလ်တွင်ဆူပူသောင်းကျန်းမှုပြုလုပ်ခဲ့ကြတာဖြစ်ပြီး ၁၁ဦးဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ်။

ဘရပ်ဆဲလ်ရဲတပ်ဖွဲ့ကမော်ရိုကိုပရိသတ်များဟာအနက်ရောင်ခေါင်းစွပ်များဝတ်ဆင်ထားပြီးရဲတပ်ဖွဲ့ဝင်များကိုရန်မူရန်ကြိုးပမ်းခဲ့တဲ့အပြင် အများပြည်သူတို့လုံခြုံရေးကိုလည်းခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်းကြေညာသွားပါတယ်။

မီဒီယာများရဲ့ဖော်ပြချက်အရယင်းပရိသတ်များဟာတုတ်များကိုင်ဆောင်ထားကြပြီးဂျာနယ်လစ်တစ်ဦးမှာလည်းမီးရှူးနှင့်ပစ်ခတ်ခံရမှုကြောင့်ဒဏ်ရာရရှိခဲ့ပါတယ်။

အွန်လိုင်းတွင်ထွက်ပေါ်နေတဲ့ဗီဒီယိုဖိုင်များအရမော်ရိုကိုပရိသတ်များဟာယင်းဆူပူသောင်းကျန်းမှုတွင်အဓိကနေရာမှပါဝင်နေကြပြီး ကားမှန်များကိုရိုက်ခွဲခြင်း၊မီးရှို့ခြင်း၊ပက်လက်လှန်အောင်လုပ်ခြင်း၊ မီးရှူးများဖြင့်ပစ်ခြင်းတို့ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

အထက်ပါအခင်းဖြစ်ပွားနေရာသို့ရဲတပ်ဖွဲ့ဝင်တစ်ရာဝန်းကျင်ခန့်ရောက်ရှိနေခဲ့ပြီးအများပြည်သူတို့ဟာမြို့လယ်ရှိနေရာအချို့တို့ကိုမသွားလာကြရန်သတိပေးမှုပြုလုပ်ခဲ့ပါတယ်။

အခင်းဖြစ်ပွားမှုကိုဒေသတွင်းစံချိန်တော်ချိန်ညနေ၇နာရီတွင်ထိန်းသိမ်းနိုင်ခဲ့ပေမဲ့ ယင်းပတ်ဝန်းကျင်တစ်ခုလုံးမှာပျက်စီးနေပြီဖြစ်ပါတယ်။

ဘယ်လ်ဂျီယံတွင်မော်ရိုကိုသား၅၀၀၀၀၀ခန့်နေထိုင်နေကြပါတယ်။မော်ရိုကိုပရိသတ်တို့ဟာဘရပ်ဆဲလ်တွင်သာဆူပူသောင်းကျန်းမှုပြုလုပ်ခဲ့တာမဟုတ်ပါဘူး။

လီဂီတွင်လည်းမော်ရိုကိုပရိသတ်၅၀ဝန်းကျင်တို့ဟာရဲစခန်းတစ်ခုကိုတိုက်ခိုက်ခဲ့ကြပြီးမှန်များကိုရိုက်ခွဲခြင်း၊ရဲကားများကိုဖျက်ဆီးခြင်းပြုလုပ်ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ဝင်များဟာလည်းမီးသတ်ပိုက်၊မျက်ရည်ယိုဗုံးတို့သုံးကာထိန်းသိမ်းမှုပြုလုပ်ခဲ့ရပါတယ်။

ဒါ့အပြင်အန့်ဝတ်တွင်လည်းမော်ရိုကိုပရိသတ်တစ်ဒါဇင်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ပါတယ်။

နယ်သာလန်ရှိအမ်စတာဒမ်၊ရိုသာဒမ်နှင့်အူးထရက်တို့တွင်လည်းမော်ရိုကိုပရိသတ်များရဲ့အောင်ပွဲခံဆူပူသောင်းကျန်းမှုကြောင့်ဖမ်းဆီးထိန်းသိမ်းမှုအချို့ပြုလုပ်ခဲ့ရပါတယ်။

ZawGyi

မော်ရိုကိုပရိသတ်များရဲ့ဆူပူသောင်းကျန်း၍ မီးသတ်ပိုက်၊မျက်ရည်ယိုဗုံးသုံးကာ ထိန်းသိမ်းခဲ့ရတဲ့ ဘယ်လ်ဂျီယံရဲတပ်ဖွဲ့











