
ဟယ်ရီမက်ဂွိုင်းယားဟာ ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့မှုအတွက် ပေါင် ၁၅ သန်းပေးရန် မန်ချက်စတာယူနိုက်တက်ထံ တောင်းဆိုထားကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ မက်ဂွိုင်းယားအတွက် ဝက်စ်ဟမ်းဘက်က ပေါင်သန်း ၃၀ ဖြင့် ကမ်းလှမ်းမှုကို လက်ခံလိုက်မှုနှင့်အတူ အပြောင်းအရွှေ့ ဖြစ်မြောက်လာပြီလို့ ယူဆနေကြပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ဟယ်ရီမက်ဂွိုင်းယားအား ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့မှု ဖြစ်လာစေရန် ပေါင် ၆ သန်းပေးမယ်လို့လည်း ကတိပြုထားပါတယ်။
ဒါပေမဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဟာ ဝက်စ်ဟမ်းသို့ ပြောင်းရွှေ့လာချိန်တွင် လုပ်ခ နည်းပါးစွာ ရရှိလာမှာ ဖြစ်လို့ ပေါင် ၁၅ သန်းအထိ ပေးရန် ယူနိုက်တက်ထံ တောင်းဆိုလာကြောင်း သိရပါတယ်။
ဟယ်ရီမက်ဂွိုင်းယားဟာ ယူနိုက်တက်တွင် တစ်ပတ်လုပ်ခပေါင် ၁၉၀၀၀၀ ရရှိနေတာ ဖြစ်ပြီး ဝက်စ်ဟမ်းတွင် ပေါင် ၁၂၀၀၀၀ သာ ရရှိလာမှာ ဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ ဝက်စ်ဟမ်းသို့ ၄ နှစ်စာချုပ်ဖြင့် ပြောင်းရမည်ဖြစ်ရာ ပေါင် ၁၄.၅ သန်းနစ်နာလာပါမယ်။
တဖက်တွင် မက်ဂွိုင်းယားဟာ ယူနိုက်တက်နှင့် ၂ နှစ်စာချုပ်ကျန်နေသေးပြီး ယင်းစာချုပ်မှ ပေါင် ၁၉.၇ သန်းအထိ ရရှိလာပါမယ်။
ဒါကြောင့်လည်း အသက် ၃၀ နှစ်ရှိ မက်ဂွိုင်းယားဟာ ယူနိုက်တက်ဘက် ပေါင် ၆ သန်းပေးလာမဲ့ အချက်က သူ့အတွက် မလုံလောက်ဘူးလို့ ယူဆနေပြီး ပေါင် ၁၅ သန်းအထိ တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ ၈ ပွဲတည်းသာ ပွဲထွက်ခွင့် ရထားပါတယ်။
ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ကတော့ ဟယ်ရီမက်ဂွိုင်းယားအနေဖြင့် ပထမအသင်းတွင် နေရာရရှိရေး တိုက်ပွဲဝင်ရန် လုံလောက်တဲ့ ယုံကြည်မှု မရှိပါက ထွက်သွားရန် ရာဇသံပေးထားပါတယ်။
တဖက်တွင် သူဟာ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားလာတဲ့ နည်းပြအဲရစ်တန်ဟက်ရဲ့ ဆုံးဖြတ်ချက်အပေါ်တွင်လည်း စိတ်ပျက်ဒေါသထွက်နေပါတယ်။