ယူနိုက်တက်ထံ မရောင်းလိုမှုကြောင့် ရီးရဲလ်မက်ဒရစ်ထံ ဟယ်ရီကိန်းကို ရောင်းချရန် စပါးစ် ကြိုးပမ်းလာ

စပါးစ်ဟာ ဟယ်ရီကိန်းအား ပရီးမီးယားလိဂ်ပြိုင်ဘက် ယူနိုက်တက်ထံသို့ မရောက်စေလိုမှုနှင့်အတူ ရီးရဲလ်မက်ဒရစ်အား ဝယ်ယူရန် စိတ်ဝင်စားခြင်းရှိ/မရှိမေးမြန်းလာပါတယ်။

အသက် ၂၉ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ စပါးစ်နှင့် တစ်နှစ်စွန်းစွန်းစာချုပ်သက်တမ်းသာ ကျန်တော့သူဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရန် ငြင်းပယ်ထားမှုနှင့်အတူ ယခုနွေတွင် ထွက်ခွာဖို့ သေချာသလောက်ရှိနေပါတယ်။

ယူနိုက်တက်ဟာ နွေရာသီတွင် တိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် ကြိုးပမ်းနေပြီး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ရေး ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

ဒါပေမဲ့ စပါးစ်ဥက္ကဌလီဗိုင်းဟာ ဟယ်ရီကိန်းကို ဒေသတွင်း ပြိုင်ဘက် ယူနိုက်တက်ထံသို့ မရောင်းလိုမှုနှင့်အတူ ရီးရဲလ်မက်ဒရစ်အား ကမ်းလှမ်းမှု ပြုလုပ်လာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အသက်အရွယ်ရလာတဲ့ ကာရမ်ဘန်ဇီးမားနေရာတွင် အစားထိုးနိုင်မဲ့ တိုက်စစ်မှူး ရှာဖွေနေပါတယ်။

ဟယ်ရီကိန်းဟာ ကစားသမားဘဝအတွင်း ဆုဖလားတစ်လုံးမျှ ရရှိဖူးခြင်း မရှိသေးပေမဲ့လည်း ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။

စပိန်မီဒီယာများက ရီးရဲလ်မက်ဒရစ်ဟာ ဟယ်ရီကိန်းရဲ့အပြောင်းအရွှေ့တွင် အေဒင်ဟာဇက်ကိုပါ အလိုက်ပေး ကမ်းလှမ်းလာနိုင်ကြောင်း သိရပါတယ်။ အသက် ၃၂ နှစ်ရှိ ချဲလ်ဆီးစတားဟောင်းဟာ ရီးရဲလ်မက်ဒရစ်ရဲ့ လုပ်ခအများဆုံးရကစားသမားဖြစ်ပေမဲ့လည်း ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသူ ဖြစ်ပါတယ်။