
တော့ဒ်ဘိုလေးဟာ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ချဲလ်ဆီးကို ဝယ်ယူပြီးနောက် အပြောင်းအရွှေ့ဈေးကွက် ၃ ခုအား ကျော်ဖြတ်လာချိန်တွင် ကစားသမားများ ခေါ်ယူအားဖြည့်မှုအတွက် ပေါင် ၁ ဘီလီယံနီးပါး အသုံးပြုထားပြီး ဖြစ်လာပါမယ်။
တော့ဒ်ဘိုလေးနှင့် ရင်းနှီးမြှပ်နှံသူများဟာ ၂၀၂၂ ခုနှစ် မေလတုန်းက ချဲလ်ဆီးကို ရိုမန်အေဘရာမိုဗစ်ထံမှ ပေါင် ၄.၂၅ ဘီလီယံ အသုံးပြုပြီး ဝယ်ယူခဲ့ပါတယ်။
ဝယ်ယူပြီးနောက် တော့ဒ်ဘိုလေးဟာ ချက်ချင်းဆိုသလို အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားဝယ်ယူအားဖြည့်မှုများ ပြုလုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ၂၀၂၂ ခုနှစ် နွေရာသီတုန်းက ကစားသမား ၉ ဦးအထိ ခေါ်ယူခဲ့သလို ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင်လည်း ကစားသမားသစ် ၈ ဦးအထိ ခေါ်ယူခဲ့ပါတယ်။
ချဲလ်ဆီးဟာ ယခုနွေရာသီ ကစားသမားခေါ်ယူအားဖြည့်မှုကလည်း မရပ်တန့်သေးဘဲ မွိုက်စ်ကိုင်စီဒိုအပါအဝင် ကစားသမားသစ် ၉ ဦးအထိ ခေါ်ယူထားပါတယ်။
ချဲလ်ဆီးဟာ မကြာသေးမီတုန်းက မွိုက်စ်ကိုင်စီဒိုကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းအထိ ပေးကာ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဇန်နဝါရီလတုန်းက အန်ဇိုဖာနန်ဒက်ဇ်ကို ပေါင် ၁၀၆ သန်းဖြင့် ခေါ်ယူကာ တင်ထားတဲ့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးကို ကိုယ်တိုင် ရိုက်ချိုးလာခဲ့တာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ယခုနွေရာသီတွင် ကိုင်စီဒိုအား ခေါ်ယူရုံဖြင့် မရပ်တန့်သေးဘဲ လီဗာပူးသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိထားတဲ့ ဆောက်သမ်တန်စတားရိုမီယိုလာဗီယာကိုလည်း ပေါင်သန်း ၅၀ နီးပါးဖြင့် ခေါ်ယူလာပါဦးမယ်။
တကယ်လို့များ လာဗီယာကို ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူလာမည်ဆိုပါက ချဲလ်ဆီးဟာ တော့ဒ်ဘိုလေးလက်ထက်တွင် ကစားသမားသစ်များ ခေါ်ယူအားဖြည့်ရာတွင် အသုံးပြုတဲ့ ပမာဏ ပေါင် ၉၅၆.၈ သန်းအထိ ရှိလာပါမယ်။