လီဗာပူးလက်ထဲမှ လာဗီယာကို အောက်ဈေးနှင့် ထပ်မံ ကြားဖြတ်လုလာပြန်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ လီဗာပူးအသင်း ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်တဲ့ ဆောက်သမ်တန်အလယ်တန်းကစားသမားရိုမီရိုလာဗီယာအား ‌ပေါင် ၅၃ သန်းအပြင် နောက်ထပ် ပေါင် ၅ သန်းပေးရမဲ့ အချက်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

လီဗာပူးဟာ လာဗီယာအား ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူရန် ဆောက်သမ်တန်နှင့် သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လာဗီယာကိုယ်တိုင်က လီဗာပူးသို့ မပြောင်းလိုဘဲ ချဲလ်ဆီးသို့သာ ပြောင်းလိုနေခဲ့ပါတယ်။ ချဲလ်ဆီးဟာ ချက်ချင်းဆိုသလို ပေါင် ၅၃ သန်းအပြင် ပေါင် ၅ သန်းထပ်ပေးမဲ့အချက်ဖြင့် ကမ်းလှမ်းခဲ့ရာ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းအတွက် တစ်ပွဲကစားခွင့်ရထားတဲ့ အသက် ၁၉ နှစ်ရှိ လာဗီယာဟာ ဆေးစစ်ဆေးမှု အောင်မြင်ပါက ချဲလ်ဆီးသို့ ပြောင်းရွှေ့လာပါမယ်။

လာဗီယာဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဆောက်သမ်တန်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၄ ပွဲကစားပေးခဲ့ပေမဲ့လည်း တန်းမဆင်းရအောင် ကူညီနိုင်ခဲ့ခြင်း မရှိပါဘူး။

ချဲလ်ဆီးဟာ အစောပိုင်းတုန်းက လီဗာပူးတို့ ခေါ်ယူရန် သဘောတူညီမှု ရထားတဲ့ ကိုင်စီဒိုကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းဖြင့် ခေါ်ယူလိုက်ပြီး ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လာဗီယာအား ပေါင် ၅၃ သန်းဖြင့် ခေါ်ယူလာမှုနှင့်အတူ တော့ဒ်ဘိုလေးလက်ထက်တွင် ကစားသမားသစ်ခေါ်ယူရေးအတွက် အသုံးပြုမှု ပေါင် ၁ ဘီလီယံနီးပါး ရှိလာတော့မှာ ဖြစ်ပါတယ်။