လေသန့်ကိရိယာထုတ် စက်ရုံမှာ အလုပ်လုပ်နေရတဲ့ တချိန်က လီဗာပူးရဲ့အလားအလာအကောင်းဆုံးပါရမီရှင်

ဆာမက်ယီဆဲလ်ဆိုတဲ့အမည်ကိုလီဗာပူးပရိသတ်အများစုကြားဖူးမှာတောင်မဟုတ်ပါဘူး။ဒါပေမယ့်သူဟာမဝေးသေးတဲ့ကာလတုန်းကလီဗာပူးရဲ့အလားအလာအကောင်းဆုံးပါရမီရှင်တွေထဲကတစ်ဦးအဖြစ်ရပ်တည်ခဲ့တဲ့သူပါ။

အတိအကျပြောရမယ်ဆိုရင်လွန်ခဲ့ငါးနှစ်တုန်းပါ။ဒါပေမယ့်အခုအခါမှာတော့သူဟာစက်ရုံတစ်ရုံမှာအလုပ်သမားတစ်ဦးအဖြစ်လုပ်ကိုင်ရင်းဘဝကိုရုန်းကန်နေရပါတယ်။

ဂျာမနီပါရမီရှင်ဟောင်းဟာတချိန်တုန်းကသူ့ရဲံဂိုးသွင်းပါရမီပြောင်မြောက်လွန်းမှုကြောင့်ဂျာမနီဂန္ထဝင်တိုက်စစ်မှူးဂတ်မူလာနဲ့တောင်တင်စားခြင်းခံခဲ့ရတဲ့သူဖြစ်ပါတယ်။

သူဟာလူငယ်ကစားသမားဘဝတုန်းက၇၄ပွဲမှာ၅၈ဂိုးအထိသွင်းယူခဲ့သူဖြစ်ပါတယ်။သူဟာ၂၀၁၂လေဗာကူအဆင်အသင်းအတွက်စီနီယာပွဲတစ်ပွဲကစားခွင့်ရရှိပြီးနောက်လီဗာပူးသို့ပြောင်းခွင့်ရခဲ့ပါတယ်။

အဲဒီတုန်းကဘရန်ဒန်ရော်ဂျာကိုင်တွယ်နေတဲ့လီဗာပူးဟာသူ့ကိုခေါ်ယူနိုင်ဖို့ပေါင်၁သန်းအထိသုံးစွဲခဲ့ရပါတယ်။

ဒါပေမယ့်သူဟာကံဆိုးချင်တော့သူဟာ၂နှစ်အတွင်းမှာဒူးအရွတ်ဒဏ်ရာ၂နှစ်ကြိမ်တိုင်တိုင်ရရှိပြီးနောက်သူမျှော်မှန်းခဲ့တဲ့ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ရေးအိပ်မက်ကလည်းပျက်ပြယ်သွားခဲ့ရပါတယ်။

သူဟာလီဗာပူးမှထွက်ခွာပြီးငါးနှစ်အကြာမှာတော့ဂျာမန်ပဥ္စမတန်းကလပ်တစ်ခုမှာကစားနေရတဲ့အပြင်စက်ရုံတစ်ခုမှာလေသန့်ကိရိယာထုတ်လုပ်ရေးအလုပ်သမားအဖြစ်ကျင်လည်နေရပါတယ်။

ယခုအခါအသက်၂၇နှစ်ရှိပြီဖြစ်တဲ့ဆာမက်ယီဆဲလ်ဟာလီဗာပူးသို့ရောက်ချိန်မှာနာမည်ကျော်ကစားသမားများဖြစ်ကြတဲ့စတီဗင်ဂျရတ်၊လူးဝစ်ဆွာရက်ဇ်တို့နှင့်တွဲခဲ့ရသူလည်းဖြစ်ပါတယ်။

၎င်းက “အိပ်မက်တစ်ခုလိုပါပဲ။သူတို့ကို Playstation မှာ တီဗွီကပြတဲ့ပွဲတွေမှာဘဲတွေ့ခဲ့ဖူးတာပါ”လို့ဆိုသွားပါတယ်။

ဒါပေမယ့်သူဟာ၂၀၁၃နှင့်၂၀၁၄ခုနှစ်တို့မှာဒူးအရွတ်ဒဏ်ရာနှစ်ကြိမ်တိုင်တိုင်ရရှိခဲ့ပြီးရက်ပေါင်း၄၅၀ကြာအနားယူခဲ့ရကာလီဗာပူးအတွက်လည်းနောက်ထပ်ကစားခွင့်မရတော့ပါဘူး။

သူဟာ၂၀၁၅ခုနှစ်မှာဆွစ်ဇာလန်ကလပ်လူဇန်သို့အငှားချခြင်းခံခဲ့ရပါတယ်။သူဟာလူဇန်အတွက်ပထမဆုံးကစားတဲ့ပွဲမှာဂိုးသွင်းနိုင်ခဲ့ပေမယ့်ကလပ်နည်းပြ၊ဥက္ကဌတို့နဲ့အဆင်မပြေမှုကြောင့်ရုန်းကန်ခဲ့ရပါတယ်။

ရာသီအကုန်မှာလီဗာပူးသို့ပြန်လာခဲ့ပေမယ့်ကလပ်ရဲ့စာချုပ်သက်တမ်းတိုးခြင်းမခံခဲ့ရပါဘူး။

သူဟာကလပ်လက်မဲ့အဖြစ်ခြောက်လကျင်လည်ပြီးနောက်ဂရိကလပ်ပါနီယိုနီယိုသို့ပြောင်းခဲ့ပါတယ်။သူဟာကလပ်အတွက်ပထမရာသီမှာ၃၁ပွဲကစားပြီး၈ဂိုးသွင်းခဲ့ပါတယ်။ဒါပေမယ့်သူဟာကလပ်မှာဘဏ္ဍာရေးပြဿနာရှိမှုကြောင့်လများစွာလုပ်ခမရဘဲ ထွက်ခဲ့ရပါတယ်။ဒါပေမယ့်သူဟာသုံးနှစ်အကြာမှာကြွေးကျန်များအတွက်သဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။

သူဟာ၂၀၁၈-၁၉ရာသီမှာဂျာမန်တတိယတန်းကလပ် KFC Uerdingen မှာကစားခဲ့ပြီးယင်းမှတဆင့်တူရကီကလပ်အန်ကာရာဒီမာစပေါ်သို့ပြောင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကယီဆဲလ်ဟာဂျာမန်စတုတ္ထတန်းကလပ်ဟွမ်းဘတ်အတွက်၂၂ပွဲကစားကာ၂ဂိုးသွင်းခဲ့ပါတယ်။ဒီနွေရာသီမှာတော့သူဟာပဥ္စမတန်းကလပ် DJK St.Tonis သို့ပြောင်းခဲ့ပါတယ်။

သူဟာယခုရာသီမှာခြေစွမ်းပြနိုင်ပါကကစားသမားဘဝတစ်ဆင့်ထပ်မြင့်တက်လာမယ်လို့ယုံကြည်နေပါတယ်။

၎င်းက “ပွဲ၃၀သာကစားရရင်၁၅ဂိုးကနေဂိုး၂၀အထိသွင်းနိုင်မယ်လို့အပြည့်အဝယုံကြည်နေပါတယ်။အဲဒီလိုသာစွမ်းနိုင်ရင်လိဂ်နောက်တစ်ဆင့်သို့တက်လှမ်းနိုင်ပါမယ်”လို့ပြောကြားသွားခဲ့ပါတယ်။

သူဟာဘောလုံးသမားဘဝနှောင်းပိုင်းမှာကြုံတွေ့လာရမယ့်အခက်အခဲများအတွက်ပြင်ဆင်တဲ့အနေဖြင့်ဘောလုံးကစားနေရင်းစက်ရုံမှာလည်းအလုပ်လုပ်ရင်းငွေရှာဖွေနေပါတယ်။