
ဘန်လေလက်ထောက်နည်းပြနှင့်ဝေးလ်အသင်းခေါင်းဆောင်ဟောင်းခရစ်ဘယ်လာမီဟာဒေဝါလီခံလာခဲ့ပြီဖြစ်ပါတယ်။
ဘယ်လာမီဟာကစားသမားဘဝတုန်းကကလပ်များအပြောင်းအရွှေ့ပြုလုပ်မှုအပြောင်းအရွှေ့တန်ဖိုးပေါင်၄၅သန်းအထိရှိခဲ့သူဖြစ်ပါတယ်။သူဟာလီဗာပူး၊မန်စီးတီး၊ဝက်စ်ဟမ်း၊နယူးကာဆယ်တို့တွင်ကစားခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့အသက်၄၃နှစ်ရှိဘယ်လာမီဟာသူရင်းနှီးမြှပ်နှံထားတဲ့လုပ်ငန်းများအရှုံးပေါ်မှုနဲ့အတူဒေဝါလီခံလာခဲ့ရပြီဖြစ်ပါတယ်။
ဘယ်လာမီက “ကျွန်တော်ပိုင်ဆိုင်တာဟူသမျှအယူခံလိုက်ရတယ်။လူမှားတွေအကြံဉာဏ်ပေးလာရင်အားလုံးပျက်စီးပြီးသားမှတ်။ဒီအချိန်မှာဒေဝါလီခံတာကကိုယ့်အတွက်ရှင်သန်စရာဖြစ်လာတယ်။ဒါမှဘဲဆက်လက်ရှင်သန်နိုင်တော့မယ်။လူတွေကကျွန်တော်ပိုင်ဆိုင်သမျှတွေအရက်သောက်ပစ်တယ်၊လောင်းကစားပစ်တယ်၊မူးယစ်ဆေးဝါးသုံးပစ်တယ်လို့ထင်ကြလိမ့်မယ်။ကျွန်တော်ကအရပ်ထဲကစားသောက်ဆိုင်တောင်သွားတာမဟုတ်ပါဘူး။ငယ်စဉ်ကတည်းကမူးယစ်ဆေးမသုံးဘူး။လောင်းကစားလည်းလုံးဝမလုပ်ခဲ့ဖူးဘူး။ဒီတော့ကျွန်တော်ဖြစ်တာမထူးဆန်းဘူးလား။ကျွန်တော်ဟာကံဆိုးစွာဘဲလူတွေအပေါ်မှာပုံအပ်ခဲ့မိတယ်”လို့ပြောကြားသွားပါတယ်။
ဘယ်လာမီဟာနော့ဝှစ်ချ်တွင်ကစားသမားဘဝစတင်ကာမွေးရပ်မြေကလပ်ကာဒစ်ဖ်တွင်ကစားသမားဘဝအဆုံးသတ်ခဲ့ပါတယ်။သူဟာဝေးလ်အသင်းအတွက်၇၈ပွဲကစားကာ၁၉ဂိုးသွင်းပေးခဲ့ပါတယ်။
သူဟာ၂၀၁၄ခုနှစ်တွင်ကစားသမားဘဝမှအနားယူပြီးနောက်၂နှစ်အကြာတွင်ကာဒစ်ဖ်တွင်နေးလ်ဝါနော့ခ်ရဲ့နည်းပြအဖွဲ့တွင်တာဝန်ထမ်းဆောင်ခဲ့သလို၂၀၁၉ခုနှစ်၊ဇွန်လတုန်းကဗင်းဆင့်ကွန်ပနီရှိရာအန်ဒါလက်ချ်တွင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူဟာအန်ဒါလက်ချ်တွင်ယူ-၂၁နည်းပြအဖြစ်တာဝန်ထမ်းဆောင်ပြီးနောက်ကွန်ပနီရဲ့လက်ထောက်ဖြစ်လာခဲ့ပါတယ်။
သူဟာယခင်တုန်းကစိတ်ကျရောဂါခံစားခဲ့ရဖူးသူလည်းဖြစ်ပါတယ်။