ဝုဗ်နှင့်ပွဲတွင် မေဆင်ဂရင်းဝုဒ် ပြန်လာနိုင်တဲ့ အခြေအနေအား ယူနိုက်တက်ပရိသတ်များ ဆန့်ကျင်ဆန္ဒပြ

မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာ ဝုဗ်နှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲမတိုင်မီ အိုးထရက်ဖို့ဒ်ကွင်းရှေ့တွင် မေဆင်ဂရင်း ပထမအသင်းနှင့် ပြန်လည်ပူးပေါင်းလာနိုင်တဲ့ အခြေအနေအပေါ် ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပါတယ်။

အသက် ၂၁ နှစ်ရှိ ဂရင်းဝုဒ်ဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဗလက္ကာယမှု၊ ထိခိုက်နာကျင်စေမှု၊ ထိန်းချုပ်မှုတို့ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ ယင်းနောက်ပိုင်းတွင် ယူနိုက်တက်ဟာ ဂရင်းဝုဒ်ကို အသင်းမှ ဆိုင်းငံ့ပြီး လုပ်ခပေးချေလာခြင်း မရှိပါဘူး။

ဒါပေမဲ့ ဖေဖော်ဝါရီလမှာတော့ ဂရင်းဝုဒ်ဟာ အရေးပါတဲ့ မျက်မြင်သက်သေများက ထွက်ဆိုရန် ငြင်းဆိုလာမှုနှင့်အတူ အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်သွားခဲ့ပါတယ်။

ယင်းနောက်ပိုင်းတွင် ယူနိုက်တက်ဟာ ဂရင်းဝုဒ်ဖြစ်ရပ်အား အသင်းတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ယူနိုက်တက်ဟာ အစောပိုင်းတုန်းက ဂရင်းဝုဒ်အနာဂတ်ကို ရာသီမစတင်မီ ဆုံးဖြတ်ရန် စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ အဲရစ်တန်ဟက်နှင့် ယူနိုက်တက်ကစားသမားများက ဂရင်းဝုဒ်ကို အသင်းမှ ကြိုဆိုနေမှုနှင့်အတူ ပထမအသင်းနှင့် ပြန်လည်ပူးပေါင်းနိုင်မဲ့ အခြေအနေမှာ ရှိပါတယ်။

နောက်ပိုင်းတွင် ယူနိုက်တက်က ဂရင်းဝုဒ်ရဲ့ အနာဂတ်ကို အမျိုးသမီးအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ကာ ဆုံးဖြတ်မယ်လို့ ကြေညာခဲ့ပါတယ်။

ယင်းသို့ အခြေအနေကြောင့် ဂရင်းဝုဒ်မှာ ယူနိုက်တက်နှင့် ပြန်လည်ပူးပေါင်းလာနိုင်မဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။

ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်များဟာ ဝုဗ်နှင့်ပွဲမတိုင်မီ ဂရင်းဝုဒ်အား အသင်းနှင့် ပြန်လည်ပူးပေါင်းလာနိုင်တဲ့အခြေအနေအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။

ဒါပေမဲ့လည်း ၎င်းတို့ရဲ့ ဆန္ဒပြပွဲမှာ အခြားယူနိုက်တက်ပရိသတ်အဖွဲ့ရဲ့ ဂလေဇာမိသားစုအား အသင်းကို အမြန်ဆုံးရောင်းချရေး ဆန္ဒပြပွဲကြောင့် တိုက်ဆိုင်နေခဲ့ပါတယ်။

ယူနိုက်တက်အမျိုးသမီးပရိသတ်များဟာ ‘Female fans demand no Greenwood return – end violence against women.’ စာသားပါ ဆိုင်းဘုတ်ကိုင်ဆောင်ခဲ့သလို ပရိသတ်တစ်ဦးကလည်း ‘Don’t leave the decision up to the women’s team you spineless motherless f****.’ ဆိုတဲ့ စာသားပါ ဆိုင်းဘုတ်ကိုင်ဆောင်ခဲ့တာ တွေ့ရပါတယ်။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့လမှ စတင်ကာ ယူနိုက်တက်နည်းပြအဖွဲ့ဝင်များရဲ့ လမ်းညွှန်မှုများဖြင့် တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းမှုများ ပြုလုပ်နေပါတယ်။