အားကစားသမိုင်းသစ်ရေးသားရန် ဆော်ဒီကလပ် Al Hilal သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း နေမာ ဖွင့်ဟလာ

ဘရာဇီးစူပါစမားနေမာဟာ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီမှ ဆော်ဒီကလပ် Al Hilal သို့ ပြောင်းရွှေ့လာပါတယ်။

ဆော်ဒီကလပ်ဟာ အသက် ၃၁ နှစ်ရှိ ဘာစီလိုနာတိုက်စစ်သမားဟောင်းအတွက် ယူရိုသန်း ၉၀ (ပေါင် ၇၇.၆ သန်း)အပြင် အပိုဆုကြေးငွေပေးရမဲ့အချက်ဖြင့် ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

Al Hilal သို့ ပြောင်းပြီးနောက် နေမာက “ဥရောပမှာ အောင်မြင်မှု အများကြီး ရယူပြီးပြီ။ စပါယ်ရှယ်ကာလတွေ ပျော်ခဲ့ပြီးပြီ။ ဒါပေမဲ့ ကျွန်တော်က ဂလိုဘယ်ကစားသမားတစ်ဦး ဖြစ်ချင်တယ်။ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ချင်တယ်။ နေရာသစ်မှာ အခွင့်အရေး ရှာဖွေချင်ပါတယ်”လို့ ပြောကြားသွားပါတယ်။

နေမာဟာ ရာသီသစ်အတွက် ပီအက်စ်ဂျီနည်းပြလူးဝစ်အန်းနရစ်ရဲ့ အစီအစဉ်ထဲတွင် မပါဝင်မှုနှင့်အတူ ကလပ်သစ်ရှာဖွေနေခဲ့ရသူလည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ဘာစီလိုနာမှ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ ဖြင့် ပြောင်းလာခဲ့တဲ့ နေမာဟာ စနေနေ့တုန်းက လိုရီယန့်နှင့် ဂိုးမရှိသရေကျတဲ့ လီဂူး ၁ အဖွင့်ပွဲတွင် ပီအက်စ်ဂျီလူစာရင်းတွင် ချန်လှပ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ ယခင်တုန်းက ထိပ်တန်းကစားသမားများကို မြင့်မားတဲ့ လုပ်ခပေးပြီး ခေါ်ဆောင်လာခဲ့ပေမဲ့လည်း ယခုအခါမှာ လူငယ်ပါရမီရှင်များဖြင့် အသင်းကို တည်ဆောက်နေပါတယ်။

ဆက်လက်ပြီး နေမာက “အားကစားသမိုင်းသစ် ရေးချင်တယ်။ ဆော်ဒီပရိုလိဂ်မှာ ကြီးမားတဲ့ စွမ်းအင်တွေ ရှိနေတယ်။ အရည်အသွေးကောင်းကစားသမားတွေလည်း ရှိနေတယ်။ ဒီလိဂ်အကြောင်း အများကြီး ကြားထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ဘရာဇီးကစားသမားတွေလည်း အများကြီးလာကစားခဲ့တယ်။ ဒီတော့ ဒီနေရာက ဆန္ဒပြင်းပြတဲ့နေရာတစ်ခုဆိုတာ ယုံကြည်ပါတယ်”လို့ ပြောကြားသွားပါတယ်။

နေမာဟာ ပီအက်စ်ဂျီမှာတုန်းက တစ်နှစ်လုပ်ခ ယူရို ၂၅ သန်း ရရှိခဲ့တာ ဖြစ်ပြီး ဆော်ဒီကလပ် Al Hilal တွင် တစ်နှစ်လုပ်ခ ယူရိုသန်း ၈၀ အထိ ရရှိလာပါမယ်။