
လီယွန်နယ်မက်ဆီဟာ ယနေ့ အစောပိုင်းတုန်းက ကစားတဲ့ ဖီလာဒယ်ဖီယာနှင့် League Cup ဆီမီးဖိုင်နယ်နိုင်ပွဲတွင် ဂိုးထပ်မံ သွင်းယူကာ အင်တာမိုင်ယာမီကို ဗိုလ်လုပ်ပွဲသို့ ပို့ဆောင်လာခဲ့ပါတယ်။
အာဂျင်တီးနားဂန္ထဝင်ဟာ ပြီးခဲ့တဲ့လတုန်းက အင်တာမိုင်ယာမီသို့ ရောက်လာပြီးနောက် ပွဲတိုင်း ခြေစွမ်းပြ ကစားနေတာလည်း ဖြစ်ပါတယ်။
လီယွန်နယ်မက်ဆီဟာ ဖီလာဒယ်ဖီယာကို ၄-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်မှာ အင်တာမိုင်ယာမီရဲ့ ဒုတိယဂိုးကို သွင်းယူခဲ့တာပါ။ သူဟာ ကိုက် ၃၀ အကွာမှ လှပစွာ ကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအတွက် ကျန်ဂိုးများကို ဂျိုးဆက်ဖ်မာတီနက်ဇ်၊ ဂျော်ဒီအယ်ဘာ၊ ဒေးဗစ်ရုဇ်တို့က သွင်းယူခဲ့ကြပါတယ်။ ဖီလာဒယ်ဖီယာအတွက် နှစ်သိမ့်ဂိုးကို ဘီဒိုယာက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီဟာ ဖယ်လာဒယ်ဖီယာနှင့်ပွဲစဉ်မှာ ဂိုးပေါက်သို့ ကန်ချက် ၅ ကြိမ်တည်းသာ ပြုလုပ်နိုင်ခဲ့ပေမဲ့လည်း ၄ ဂိုးရခဲ့တာ ဖြစ်ပါတယ်။ ဖီလာဒယ်ဖီယာကတော့ ဂိုးပေါက်ကန်ချက် ၁၆ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပေမဲ့လည်း တစ်ဂိုးတည်းသာ ရရှိခဲ့ပါတယ်။
လီယွန်နယ်မက်ဆီဟာ ဖီလာဒယ်ဖီယာနှင့်ပွဲစဉ်တွင်လည်း ထပ်မံ ဂိုးသွင်းယူနိုင်မှုနှင့်အတူ အင်တာမိုင်ယာမီအတွက် ၆ ပွဲကစားထားရာမှာ ၉ ဂိုးအထိ သွင်းထားနိုင်ပြီ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီဟာ လီယွန်နယ်မက်ဆီ မရောက်မီတုန်းက ၁၁ ပွဲဆက် နိုင်ပွဲပျောက်နေခဲ့ပေမဲ့လည်း အာဂျင်တီးနားဂန္ထဝင်ရောက်လာပြီးနောက် ၆ ပွဲလုံး အနိုင်ရရှိထားပါတယ်။