
ကမ္ဘာ့ဖလားကောင်းကင်တော်ဟာမက်ဆီကိုခေါ်ယူဖို့ပျက်ကွက်ဦးမှာလား..
Your Judges with 3D
◾Nကြယ်မင်း၊ဟန်စိုးသွေး၊မင်းနဒီ (Change)
အာဂျင်တီးနား – ပြင်သစ် ( အာဂျင်တီးနား(=05)
ဒီလိုနဲ့ပဲဆူညံမှုတွေရဲ့ချုပ်ငြိမ်းရာဟာရောက်ရှိလာပါတယ်။ ကမ္ဘာ့ဖလားဖိုင်နယ်တွေဟာထင်မှတ်မထားတဲ့အသင်းတစ်သင်းဝင်ရောက်စီးနင်းမှုကိုအမြဲလိုငြင်းဆန်နိုင်ခဲ့ကြတာပါ။ ၂၀၁၈ မှာခရိုအေးရှားတွေ ဗိုလ်လုပွဲရောက်လာတာကအံ့အားသင့်စရာဖြစ်ခဲ့ရသလိုဒီတစ်ကြိမ်မှာလည်းအဲ့ဒီဖြစ်စဉ်နဲ့ထပ် တူ မြင်တွေ့ရပြန်လေပြီလားထင်မှတ်ခဲ့ကြရပါသေးတယ်။
ဒါပေမဲ့နောက်ဆုံးမှာတော့လက်ရှိချန်ပီယံပြင်သစ်နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကဘောလုံးပရိသတ်တွေဗိုလ်အစွဲစေချင်ဆုံးအာဂျင်တီးနားတို့ရင်ဆိုင်ကစားကြပါတော့မယ်။ဒီပွဲဟာအခြားသက်ရောက်အဓိပ္ပာယ်တွေနဲ့အတူသိမ်မွေ့ပါတယ်။ ပွဲတစ်ပွဲရဲ့ထုံးစံအတိုင်းကိုယ့်တွေးထောင့်နဲ့ကိုယ်ဟာ ပွဲမပြီးခင်အထိတော့မှန်ကန်နေဦးမှာပါ။ ဒီတစ်ပတ် 3D ကို ခန့်မှန်းတစ်ခုလိုရော၊ ဖျော်ဖြေရေးတစ်ခုလိုပါ ဖတ်ရှုပေးကြည့်ကြပါဦး။
◾Nကြယ်မင်း
ဒီပွဲကို ခံစားချက်တစ်ခုရဲ့အလိုတော်ကျအရဆိုရင်’မက်ဆီ’ လို့တစ်ကြောင်းတည်းရေးခဲ့ရုံနဲ့ ပြီးပါတယ်။အဲ့ဒါဟာလှပသောရောက်ရှိမှုပါ။ အဲ့ဒါဟာကျနော်တို့ခေတ်ဘောလုံးရဲ့ ပြီးပြည့်စုံမှုအရှိဆုံးပဲ့တင်လည်းဖြစ်နိုင်ပါတယ်။ဘယ်သူဟာမက်ဆီမရသင့်ခဲ့ဘူးလို့ မိုက်မိုက်မဲမဲငြင်းဆိုရက်ခဲ့မှာလဲ။ ဒါပေမဲ့ ကျနော်တို့ဟာဘောလုံးရဲ့အရေးပိုင်မင်းတွေမဟုတ်ကြပါဘူး။ ကျနော်တို့ကမက်ဆီမြင်းခွာသံတွေနဲ့ ဒုန်းစိုင်းခဲ့ကြလည်းပြင်သစ်ကအဲ့ဒါကိုခွင့်ပြုချင်မှ ခွင့်ပြုမှာပေါ့။
ဘောလုံးပွဲတစ်ပွဲမှာလူကြီးလူကောင်းဆန်မှု၊ညီရင်းအစ်ကိုစိတ်ဓာတ်၊ သန့်ရှင်းမျှတစွာယှဉ်ပြိုင်ခြင်းစတဲ့စရိုက်လက္ခဏာတွေရောပြွမ်းစီးဆင်းနေပေမယ့်သူ့ရဲ့ပင်မရေစီးကတော့အနိုင်ရဖို့ပါပဲ။ပြင်သစ်ကိုကြည့်ရင်လည်း၁၉၆၂၊ ဘရာဇီးနောက်ပိုင်းသရဖူကာကွယ်နိုင်သောပထမဆုံးချန်ပီယံဆိုတဲ့တပ်မက်မှုဟာဒီရေတက်နေမှာပဲမဟုတ်လား။ဒီအဆင့်ကိုရောက်ဖို့၊ ဒီအိပ်မက်ကိုအကောင်အထည်ဖော်ဖို့၊ ဒီချစ်တေးသံသာကိုထုတ်လွှင့်ဖို့သူတို့ဆီလွယ်ကူခဲ့တာတစ်ခုမှမရှိပါဘူး။
လူမစုံတဲ့ပြင်သစ်(အခုထိလည်း နောက်ထပ်လူမစုံမှုနိုင်မှုသတင်းတွေရှိနေပြန်တယ်)၊ တိမ်းညွှတ်ဖွယ်မရှိတဲ့ခြေစွမ်းစတဲ့ငုံ့ကြည့်ခံရခြင်းတွေကြားက ရုန်းထွက်လာရတာပါ။ ဒါကြောင့်မက်ဆီဟာကမ္ဘာ့ဖလားချန်ပီယံဖြစ်ချင်ရင်သူတို့ကိုသတ်နိုင်အောင်သာသတ်ပေတော့ပဲ။ အဲ့ဒါကလွဲပြီးအခြားမရှိပါဘူး။ဒီမှာပွဲကြိုတစ်ခုရဲ့အင်္ဂါရပ်တွေနဲ့အညီကျနော်တို့သွားကြဖို့ပဲရှိပါတယ်။ အဲ့ဒီမှာအဆုံးကစလိုက်ပါရစေ။ ကျနော် ‘ ပြင်သစ် ‘ကိုရွေးလိုပါတယ်။ဘာကြောင့်လဲ..။
◾၁။ စကာလိုနီဟာဒက်ချမ့်စ်ရဲ့ညီအငယ်ဆုံးအဆင့်တောင်ရှိရဲ့လားမသေချာပါဘူး။ ဖိုင်နယ်ပွဲတစ်ပွဲကိုလွတ်မြောက်အောင်စီရင်နည်းစကာလိုနီစာမကျေနိုင်သေးပါဘူး။
◾၂။ ပွဲကိုဆုံးဖြတ်နိုင်စွမ်းရှိသူချင်းချရေးကြည့်ရင်ပြင်သစ်ဘက်ကပဲအားရစရာပိုကောင်းပါတယ်။ခံစစ်ပိုင်းကနှစ်သင်းလုံးအလျော့ဓာတ်ရှိခဲ့ကြတာချင်းတူရင်တောင်အာဂျင်တီးနားရဲ့ရိုမီရိုနဲ့အော်တာမန်ဒီကိုသံသယရှိပါတယ်။ စကာလိုနီဟာမာတီနက်ဇ်ကိုဓာတ်ကျခြင်းမရှိသေးပါဘူး။
◾၃။ဒီပွဲဟာချန်ပီယံပြိုင်သက်သက်မဟုတ်ဘဲဂိုးသွင်းဘုရင်ပြိုင်ဆိုင်မှုတစ်ခုလည်းရုန်းကြွနေပါသေးတယ်။ ဒီမှာမက်ဆီကိုပဲအထူးပြုသင့်ပေမယ့်မှော်ဆရာရဲ့ဇာတာ၊ အမြင့်ဆုံးခံစားမှုဖုံးလွှမ်းချိန်တွေကဒုက္ခပေးသွားမလားစောင့်ကြည့်ရပါလိမ့်မယ်။ ဘာပေဟာကာတာရောက်မှခြေစွမ်းပိုင်းရော၊ စိတ် ဓာတ်အတွင်းအပြင်မှာပါအားရစရာရှိနေပါတယ်။ဒီမှာတစ်ခုပဲကြိုပြောစရာရှိပါတယ်။
ပြင်သစ်မှာအမည်မဖော်ပြနိုင်သေးတဲ့ဗိုင်းရပ်စ်တစ်မျိုးဝင်ရောက်နေခဲ့တယ်ဆိုတဲ့သတင်းကိုဘယ်အချိန်မှာဘယ်လောက်အထိအတည်ပြုလို့ရနိုင်မလဲတော့စောင့်ကြည့်ရပါလိမ့်မယ်။ အဲ့ဒီမှာဆိုးဆိုးရွားရွားဖြစ်မလာဘူးဆိုရင်ပြင်သစ်ကမ်းခြေမှာပဲနေထိုင်ဖို့စိတ်ကူးထားပါတယ်။
◾ဟန်စိုးသွေး
အာဂျင်တီးနား-ပြင်သစ်
အဖွင့်ပွဲစဉ်မှာဆော်ဒီကိုရှုံးနိမ့်ပြီးတဲ့နောက်အာဂျင်တီးနားကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုနဲ့ခြေစွမ်းကအတော်လေးကိုကောင်းမွန်ခဲ့တယ်။နည်းပြစကိုလိုနီကလည်းအသင်းကိုစီမံခန့်ခွဲပုံကောင်းမွန်သလို ဆုံးဖြတ်ချက်တွေလည်းမှန်ကန်ခဲ့တယ်။ခြေစွမ်းမပြနိုင်ပဲရုန်းကန်ခဲ့ရတဲ့မာတီနက်ဇ်ဂိုမက်ဇ် ဒီမာရီယာတို့နေရာမှာလူငယ်ကစားသမားတွေကိုရဲရဲရင့်ရင့်နေရာပေးခဲ့တဲ့ဆုံးဖြတ်ချက်ကမှန်ကန်ခဲ့ပြီးစွမ်းဆောင်ရည်သိသိသာသာထိုးတက်သွားတယ်။
အထူးသဖြင့် ၄-၃-၃ကစားကွက်ပုံစံကနေ ၄-၄-၂ကစားကွက်ကိုပြောင်းလိုက်တော့ ၄ယောက်တန်းကွင်းလယ်လုပ်အားနှုန်းကောင်းလာသလိုတိုက်စစ်မှာလည်းအယ်လ်ဗာရက်ဇ်နဲ့မက်ဆီတို့ခြေစွမ်းပြကစားလာနိုင်ခဲ့တယ်။ကွာတားမှာနယ်သာလန်ဆီမီးမှာခရိုအေးရှားကိုဖြတ်ကျော်ခဲ့တဲ့နယ်သာလန်ရဲ့အ သင်းလိုက်စွမ်းဆောင်ရည်ကတကယ်ကောင်းမွန်ခဲ့တယ်။ပြင်သစ်ကတော့အုပ်စုအဆင့်ကနေလွယ်လင့်တကူတက်လှမ်းလာနိုင်ပေမယ့်ကွာတားမှာအင်္ဂ လန်ဆီမီးမှာမော်ရိုကိုကိုခက်ခက်ခဲခဲယှဉ်ကစားခဲ့ရတယ်။
အင်္ဂလန်နဲ့ရင်ဆိုင်ခဲ့တဲ့ပွဲမှာပြင်သစ်ခြေစွမ်းအသာမရခဲ့ပဲအင်္ဂလန်ကအပိုင်ဂိုးကန်သွင်းခွင့်တွေပိုအရများခဲ့ကာဂိုးသမားလိုရစ်လက်စွမ်းပြကာကွယ်နိုင်ခဲ့သလိုဟယ်ရီကိန်းပင်နယ်တီအပေါ်ထောင်ကန်မိလို့ပြင်သစ်ကံကောင်းခဲ့တယ်။မော်ရိုကိုရင်ဆိုင်တဲ့ပွဲမှာလည်းပြင်သစ်ဂိုးရကံကောင်းခဲ့ပြီးမော်ရိုကိုထိုးစစ်ကိုလည်းအင်မတန်ကံကောင်းပြီးဂိုးမပေးခဲ့ရတာဖြစ်တယ်။ကွင်းလယ်ကဂရစ်ဇ်မန်းရဲ့ဘောလုံးဖန်တီးပေးပို့မှုနဲ့ထိုးစစ်မှာဘာပေးနဲ့ဂီရော့ဒ်တို့ကောင်းလွန်းပေမယ့်ခံစစ်ကတော့သိပ်စိတ်မချရတာတွေ့ရတယ်။အကြိတ်အနယ်ယှဉ်ကစားရမယ့်ဒီပွဲမှာကြမ်းကြမ်းရမ်းရမ်းကစားတတ်သလိုအနိုင်ရလိုစိတ်ပိုပြင်းတဲ့အာဂျင်တီးနားကိုကြိုက်ပါတယ်။
မင်းနဒီ(Change)
🛑 အာဂျင်တီးနား-ပြင်သစ်
🛑 မက်ဆီအတွက်နောက်ဆုံးကမ္ဘာ့ဖလားဟာမက်ဆီအတွက်ဖြစ်လာတယ်ဆိုရမလားပါပဲ..။ အုပ်စုအဖွင့်ပွဲစဉ်မှာဆော်ဒီကိုရှုံးခဲ့ပေမယ်ယိမ်းယိုင်မသွားပဲလမ်းကြောင်းမှန်ပေါ်ပြန်တက်နိုင်ခဲ့ရုံသာမကဗိုလ်လုပွဲအထိရောက်ရှိလာခဲ့တယ်။ ဗိုလ်လုပွဲအထိရောက်လာတဲ့တစ်လျှောက်လုံးမှာလည်းမက်ဆီခြေစွမ်းပြခဲ့ပြီးသွင်းဂိုး 5 ဂိုးနဲ့ ဂိုးဖန်တီးမှု 3 ကြိမ်နဲ့အတူအသင်းကိုအကောင်းဆုံးဦးဆောင်မှုနဲ့ ဆွဲခေါ်နိုင်ခဲ့တယ်။ အာဂျင်တီးနားရဲ့ခြေစွမ်းကကောင်းလှတယ်မဟုတ်ပေမယ့်မက်ဆီကြောင့်သာဗိုလ်လုပွဲတက်နိုင်ခဲ့တယ်ဆိုတာကိုတော့ငြင်းလို့မရဘူး။ ဒါပေမယ့်မက်ဆီရဲ့ဦးဆောင်မှုနောက်မှုအယ်လ်ဗာရက်စ်၊ မက်စ်အယ်လစ္စတာ၊ အန်ဇိုဖာနန်ဒက်၊ မာတီနက်စ်၊ ရိုဒရီဂိုဒီပေါလ်တို့ တစ်သွေမတိမ်းလိုက်ပါနေတာကိုတော့အားရမိတယ်။
ပြင်သစ်ကလည်းလက်ရှိချန်ပီယံဘွဲ့ကိုဆက်ထိန်းဖို့ အခြေအနေကောင်းနေတယ်။ ဘာပေရဲ့ ဦးဆောင်မှုနဲ့ ချန်ပီယံဖြစ်သွားဦးမလားဆိုတာကိုစောင့်ကြည့်ရမယ်။ ပြင်သစ်ဟာတူနီးရှားနဲ့ပွဲကလွဲလို့ ကျန်တဲ့ပွဲစဉ်တိုင်းမှာခြေစွမ်းပြနိုင်ခဲ့တယ်။ ကစားပုံတည်တည်ငြိမ်ငြိမ်နဲ့ တိုက်စစ်ကလည်းထက်ထက် မြက်မြက်ရှိခဲ့တယ်။ တိုက်စစ်ကိုဘာပေကဦးဆောင်နေသလို၊ ဘာပေအကျဉ်းအကျပ်ထဲရောက်နေချိန်မျိုးမှာဂရိစ်မန်းကအသင်းကိုကယ်ထုတ်သွားနိုင်ခဲ့တာတွေကတိုက်စစ်ကိုတည်တည်ငြိမ်ငြိမ်နဲ့အလှည့်အပြောင်းလုပ်နိုင်တာကိုတွေ့ရတယ်။ ဒါပေမယ့် ပြင်သစ်ရဲ့ခံစစ်ကစိတ်မချချင်စရာဖြစ်နေတယ်။ ပြိုင်ပွဲတစ်လျှောက်မှာအကောင်းဆုံးပုံစံမျိုးနဲ့ ကစားပြခဲ့တာမျိုးမရှိခဲ့ဘူး။
မော်ရိုကိုကိုအနိုင်ရခဲ့တဲ့ဆီမီးဖိုင်နယ်တစ်ပွဲပဲဂိုးမပေးခဲ့ရတာမျိုးကမက်ဆီလိုပါရမီရှင်ကစားသမားမျိုးကိုဟန့်တားထိန်းချုပ်နိုင်ဖို့ မလွယ်ပါဘူး။ ပြင်သစ်ရဲ့ပွဲထွက်ကစားသမားတချို့ ဖျားနာနေတယ်ဆိုတဲ့သတင်းကလည်းမက်ဆီကမ္ဘာ့ဖလားရဖို့ အကြောင်းဖန်လာလေသလားစဉ်းစားစရာပါပဲ။မက်ဆီကိုကမ္ဘာ့ဖလားရစေချင်သူတစ်ယောက်ဖြစ်တာကြောင့်လည်းအားဂျင်တီးနားကိုအားပေးဖို့ဆုံးဖြတ်ထားပါတယ်။အဓိကကတော့ပွဲတိုင်းနီးပါးဂိုးပေးခဲ့ရတဲ့ပြင်သစ်ခံစစ်ကြောင့်မက်ဆီကိုထိန်းချုပ်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့တွေးမိတယ်။ ပြင်သစ်မှာလည်းဘာပေရှိနေတာပဲဆိုပေမယ့်ဘာပေရဲ့အတွေ့ အကြုံတွေကမက်ဆီလောက်မရင့်ကျက်သေးပါဘူး။ မက်ဆီကိုယ်တိုင်ကလည်းဒီပွဲကိုသူရဲ့နောက်ဆုံးထွက်သက်လိုသဘောထားပြီးရှိသမျှအစွမ်းတွေပုံအောသွားပါလိမ့်မယ်။ ဒါကြောင့်မက်ဆီရဲ့ အာဂျင်တီးနားကိုရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။
Your Judges with 3D
Nကြယ်မင်းရဲ့ရွေးချယ်မူ – ပြင်သစ်
ဟန်စိုးသွေးရဲ့ရွေးချယ်မူ – အာဂျင်တီးနား
မင်းနဒီရဲ့ရွေးချယ်မူ – အာဂျင်တီးနား
3D Choice – အာဂျင်တီးနား