မာဆေးဆိုက်လမ်းပေါ်ကဘင်နီတက်ဇ်ညနဲ့အတူ

Play Maker 3D

◼️Nကြယ်မင်း၊ဟန်စိုးသွေး၊မင်းနဒီ(Change)

Everton – Norwich (Everton(1+15)

ပရီးမီးယားလိဂ်မှာကတော့ပြောစရာတွေအမြဲရှိသည်။ ဘယ်တော့မှဆိုလက်စတေးများမပြတ်။ချဲလ်ဆီးနှင့်လီဗာပူးကဘာတွေလဲ။ သူတို့ဟာရင်ချင်းဆက်အသင်းတွေလား။ ၄ပွဲနိုင်၊ တစ်ပွဲသရေ(အဲ့ဒီသရေကလည်းသူတို့ချင်းတွေ့တာဖြစ်သည်)၊သွင်းဂိုး၊ ပေးဂိုးက (၁၂/၁)တွေချည်း။ ဒီတစ်ပတ်တော့ချဲလ်ဆီးက မန်စီးတီးနှင့်ကစားရမည်ဖြစ်ပြီးလီဗာပူးကဘရန့်ဖို့ဒ်နှင့် တိုက်ပွဲဝင်ရမည်ဖြစ်ရာပြုလုပ်နိုင်ကြမည့်ရလဒ်ချင်းကတော့ကွာခြားနိုင်ပါသည်။ မန်ယူကလည်း ထင်ထားတာထက်မတည်ငြိမ်မိုးတိမ်ဆန်လွန်းလှသည်။

ဆန်ချိုလေးမြင်ရင်အေး..စိတ်လျှော့ထားလိုက်ဟုမိမိကိုယ်ကိုယ်ဖိနေရတာအမော။ ဗာရန်းကြောင့်တောင့်တင်းသေချာသွားတာတွေမြင်သလိုကံတရားသွေးမလိုက်သေးတာ၊ တစ်ချက် တစ်ချက် ဟ,ဟသွားတာတွေကလည်း မြင်နေရသေးသည်။ ပြီးတော့ဘရိုက်တန်ကရောဘာလုပ်ချင်တာလဲ။ ဘယ်အထိဖြစ်မယ်ထင်ထားသလဲ ဒင်းတို့။ ၄ပွဲနိုင်၊ တစ်ပွဲရှုံးနှင့် အဆင့်၄နေရာကဒင်းတို့နှင့်တန်သလား။ စပါးနည်းပြဘရူနိုဆန်တိုကလည်းစက်လူရုပ်ဆန်လှသည်။(၁-၀)၃ပွဲဆက်အနိုင်ရပြီး (၃-၀)နှစ်ပွဲဆက်ရှုံးနိမ့်ရပြန်သည်။ ဒီလိုအလင်းအားမျိုးနှင့် အာဆင်နယ်ကွင်းမှာအလွင့်ချင်းပြိုင်ဘယ်သူနိုင်ပြိုင်ဆိုင်ကြရဦးမည်လားမပြောတတ်။

သို့သော်ကျနော်တို့ဆရာဟန်စိုးသွေးကတော့အဲဗာတန် – နောဝစ်ချ်ပွဲကိုမှရွေးသတဲ့။ နောဝစ်ချ်သည်တစ်နှစ်စာချုပ်ဖြင့်လာရောက်ကစားနေကြသူတွေလို လျော့ပါးလွန်းလှသည်။ သူတို့ကို အဲဗာတန်နှင့်(1+15)ရင်းပြီး တကယ်ပဲနင်းချေရဦးတော့မည်လား။ 3D ဆရာသမားတွေတစ်သံတည်းထွက်ခဲ့သလားအခုပဲပါးပါးလေးဖတ်ကြည့်လိုက်စေလိုသည်။

◼️ Nကြယ်မင်း

ဒီပွဲကိုကိုဟန်စိုးသွေးရွေးတော့ကျနော်နဲ့ မင်းနဒီရယ်မိပါတယ်။ ဒါတော့ဗျာ၊ ဘယ်သူမဆိုပေါ့၊ အဲဗာတန်ပေါ့၊ မဟုတ်ဘူးလားပေါ့လေ။ ကျနော်တို့ရယ်မိတယ်။ ရယ်ရလောက်အောင်လည်းနောဝစ်ချ်ဘာမှလုပ်မရတာ၊ ပွဲတိုင်းရှုံးနေတာကြီးကထင်ရှားပါတယ်။ နောဝစ်ချ်ညံ့ပါတယ်။ ဒါပေမဲ့နာကျင်နေတဲ့တပ်ဖွဲ့တွေကိုချောင်ပိတ်ရိုက်သလိုဖမ်းကြတဲ့အခါထင်မှတ်မထားတဲ့တုန့်ပြန်မှုတွေသူတို့ဆီကထွက်ပေါ်လာနိုင်တာကိုမေ့ထားလို့မဖြစ်ပါဘူး။သူတို့ဆီက အဲ့ဒီတစ်ခုပဲ။ အခြားဘာမှမရှိဘူးဆိုရင်တောင်အရိုးထဲကထွက်လာနိုင်တဲ့အားကိုတော့ထည့်တွက်ထားရပါလိမ့်မယ်။ပြီးတော့အဲဗာတန်။ ဒီပွဲမှာရစ်ချာလီဆန်ရော၊ကားဗတ်လီဝင်ပါကစားနိုင်ဖို့မသေချာသေးပါဘူး။သူတို့မပါဘဲနဲ့ ရွန်ဒွန်တစ်ယောက်တည်းနဲ့ဂိုးအလုပ်တွေအများကြီးလုပ်နိုင်မယ်မမျှော်လင့်ကောင်းပါဘူး။

ဒီမှာအခြားသောကယ်တင်ရှင်အဖြစ်လက်စတာကစားသမားဟောင်းဂရေးကိုသာမျှော်စောင့်ရဖို့ရှိပါတယ်။ ဗီလာကို ၃ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲမှာဆင်ခြေတစ်ခုတ လေတောင်ရှာမတွေ့နိုင်တဲ့အထိသူတို့လျော့ပါးခဲ့ကြပါတယ်။ လိဂ်ဖလားမှာကျူပီအာကိုသရေသာကစားနိုင်ပြီးပင်နယ်တီအဆုံးအဖြတ်မှာလက်နက်ချခဲ့ရပါတယ်။ ဒါကြောင့်ဒီပွဲများစဉ်းစားစရာလိုသလားဆိုတဲ့ရယ်မောခဲ့မှုကိုကျနော်ပြန်လည်ရုတ်သိမ်းပါတယ်။ အစဉ်အလာကိုပြန်ကြည့်ရင်လည်းအဲဗာတန်ဟာအသာရမထားပါဘူး။ ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲတစ်ဖြတ်ကြည့်ရင်လည်း၂ပွဲစီနိုင်ပြီးတစ်ပွဲသရေကစားထားတာပါ။ ဒါကြောင့်အဲဗာတန်နိုင်ရင်တောင်ဂိုးပြတ်လိမ့်မယ်မဟုတ်ဘူးဆိုတာကိုကျနော်ရတယ်။ အခန့်မသင့်ရင်နိုင်လိုဇောကြီးမားနေတဲ့ပွတ်ကီတို့သရေကစားသွားမလားတောင်ထင်ရတယ်။ ဟိုလူတွေဘယ်လိုဆုံးဖြတ်ကြမယ်မသိနိုင်ပေမယ့်ကျနော်ကတော့နည်းနည်းစွန့်စားပြီးနောဝစ်ချ်ယူလိုက်ပါတယ်။

◼️ ဟန်စိုးသွေး

အဲဗာတန်ဟာပြီးခဲ့တဲ့ပွဲမှာဗီလာကို၃ဂိုးပြတ်ရှုံးခဲ့ပြီးဒီရာသီပထမဦးဆုံးရှုံးပွဲနဲ့ကြုံတွေ့သွားရတယ်။ဗီလာကိုခြေစွမ်းပိုင်းရင်ဘောင်တန်းယှဉ်ကန်နိုင်ခဲ့ပေမယ့် ရစ်ချာရစ်ဆန်နဲ့လီဝင်းတို့မပါနိုင်ခဲ့တဲ့တိုက်စစ်ဟာအလုပ်မဖြစ်ခဲ့လို့ချေပဂိုးတောင်မရခဲ့ဘဲရှုံးခဲ့ရတာဖြစ်တယ်။ရှေ့ လယ် နောက် ကစားသမား
အခင်းမျှတတဲ့အဲဗာတန်ဟာ အဝေးကွင်းပွဲမှာရလဒ်ကောင်းအောင်ရုန်းခဲ့ရပေမယ့် အိမ်ကွင်း ၂ပွဲမှာတော့ဘန်လေကို၃-၁ ဆောက်သမ်တန်ကို၃-၁နဲ့ ဂိုးပြတ်အနိုင်ရခဲ့တယ်။

အဲဒီ၂ပွဲစလုံးအဲဗာတန်ကွင်းလယ်စွမ်းဆောင်ရည်ကောင်းခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေအများကြီးရအောင်စွမ်းဆောင်နိုင်ခဲ့တယ်။ဒီပွဲမှာလည်းတိုက်စစ်လူမစုံနိုင်ပေမယ့် နော့ဝစ်ချ်ကိုတော့စီးစီးပိုင်ပိုင်ဖိကစားနိုင်လိမ့်မယ်လို့ယူဆရတယ်။သာမာန်ကစားသမားတွေနဲ့သာစုဖွဲ့ထားတဲ့နော့ဝစ်ချ်အတွက်တော့ပရီးမီးယားလိဂ်ဟာသူတို့အတွက်မြင့်မားတဲ့ပြိုင်ပွဲတစ်ခုဖြစ်နေတယ်။လူစုံထုတ်အားစိုက်ကစားခဲ့ပေမယ့်လည်းနော့ဝစ်ချ်ဟာဘယ်ပြိုင်ဘက်အသင်းကို ခြေရည်တူမယှဉ်နိုင်ခဲ့တာတွေ့ရတယ်။၅ပွဲကစားပြီးခဲ့ရာမှာ၅ပွဲစလုံးရှုံးခဲ့ပြီး ၂ဂိုးသာသွင်းယူနိုင်ခဲ့ကာ ၁၄ဂိုးပေးခဲ့ရတယ်။

နောက်ဆုံးကစားခဲ့တဲ့၂ပွဲမှာဆိုရင်နော့ဝစ်ချ်ခြေစွမ်းအတော်ကိုညံ့ခဲ့ပြီး ဝက်ဖို့ဒ်ကိုဂိုးကန်သွင်းခွင့် ၁၄ကြိမ် အာဆင်နယ်ကို ၂၈ကြိမ်ပေးခဲ့ရပြီးရှုံးခဲ့ရတယ်။
ဒီပွဲမှာအဲဗာတန်က၁ဂိုး၂၀နိုင်ဆိုပြီးအကျောပေးထားတယ်။နော့ဝစ်ချ်ဟာ ကွင်းလယ်စွမ်းဆောင်ရည်နိမ့်သလို ဗဟိုခံစစ်မှုးတွေဖြစ်တဲ့ ကာဘက် ဟန်လေး ဂစ်ဘ်ဆန် တို့ကလည်းစိတ်မချရတာမို့လူမစုံတဲ့အဲဗာတန်တိုက်စစ်ကိုတောင်ဂိုးမပေးရအောင်တောင့်ခံနိုင်လိမ့်မယ်မထင်ပါဘူး။စိတ်ဓါတ်ရောခြေစွမ်းပိုင်းပါနိမ့်နေတဲ့နော့ဝစ်ချ်တို့ဂိုးပြတ်မရှုံးအောင်သာကြိုးစားရလိမ့်မယ်လို့ကောက်ချက်ဆွဲမိတဲ့အတွက်အိမ်ရှင်အဲဗာတန်ကိုသာရွေးချယ်လိုက်သင့်ပါတယ်။

◼️ မင်းနဒီ(Change)

အိမ်ကွင်းနိုင်ပွဲနဲ့အတူ အဲဗာတန်တွေ ပြန်လာနိုင်ပါစေ

အဲဗာတန်က 1+10 နဲ့ ဂိုးပေါင်းကြေးက 3+85 ကိုရောက်နေပါတယ်။ အဲဗာတန်ဟာနောက်ဆုံး ၂ ပွဲဖြစ်တဲ့ အက်စ်တန်ဗီလာ၊ ကျူပီအာတို့နဲ့ ပွဲစဉ်မတိုင်မီအထိဘင်နီတက်နဲ့အတူနိုင်ပွဲတွေနဲ့ ရလဒ်ကောင်းတွေကိုရယူထားနိုင်တယ်။ တိုက်စစ်ကလည်းဂိုးတွေမြိုင်မြိုင်ဆိုင်ရှိတယ်။ အသင်းမှာရှိတဲ့ကစားသမားအစုအဖွဲ့ကလည်းမညံ့တာကြောင့်ဘင်နီတက်ဇ်အနေနဲ့ သိပ်ပြီးခက်ခက်ခဲခဲမလုပ်လိုက်ရဘူး။ အန်ဆယ်လော့တီတည်ဆောက်ခဲ့တဲ့အသင်းရဲ့ကျောရိုးမှာ အယ်လန်၊ ဒူကူရီတို့နဲ့အထိုင်မဖျက်ပဲတိုက်စစ်မှာ အီဝိုဘီ၊ တောင်ဆန်၊ ရစ်ချာလီဆန်တို့အားနဲ့ ဟန်မပျက်ဆက်ထိန်းထားနိုင်တာကဘင်နီတက်ဇ်အတွက် အဆင်သင့်ခူးခပ်စားရသလို လွယ်ကူစေပါတယ်။

အဓိကတိုက်စစ်မှူးကယ်လ်ဗက်လီဝင်အပါအဝင် အသင်းမှာဒဏ်ရာပြဿနာတွေရှိနေပေမဲ့လည်းဘင်နီတက်ဇ်ဟာအသင်းကို ရုပ်ထွက်ကောင်းအောင် စွမ်းဆောင်ထားနိုင်တာကိုတွေ့ရတယ်။ နောဝှစ်ချ်ကတော့ ၅ ပွဲကစား၊ ၅ ပွဲရှုံးနိမ့်ထားပြီးသနားစရာစာဝါငှက်ကလေးတွေလို့ပဲငြီးတွားနေရပါတယ်။အသင်း ရဲ့ကစားပုံကအရမ်းကို Soft ဖြစ်လွန်းတယ်။ ခံစစ်ကမာမာထန်ထန်မရှိဘူး။ တိုက်စစ်ကတစ်ဖက်အသင်းရဲ့ ခံစစ်အောက်မှာကျိုးလွယ်ပျက်လွယ်ဖြစ်နေတာကြောင့်အမှတ်ပေးဇယားအောက်ဆုံးမှာရပ်တည်နေရတယ်။ ၅ ပွဲကစားပြီးချိန်မှာရမှတ် ၁ မှတ်လေးသော်မှမရသေးတဲ့တစ်သင်းတည်းသောအသင်းအဖြစ်ရပ်တည်နေရတယ်။ ပြိုင်ဘက်အသင်းတိုင်းရဲ့နိုင်စားခြင်းကို ခံနေရတဲ့စာဝါငှက်လေးတွေရဲ့ ဘဝကမတွေးရဲစရာပါပဲ။

အဲဗာတန်မှာ ပစ်ဖို့ဒ်၊ ကိုးမန်း၊ ရစ်ချာလီဆန်နဲ့ ကယ်လ်ဗတ်လီဝင်တို့မှာဒဏ်ရာပြဿနာတွေရှိနေပြီးဟားမက်စ်ရိုဒရီဂွက်ဇ်ကလည်းအသင်းကနေထွက်ဖို့များနေတယ်။ဒီလိုအခြေအနေမှာ 1+10 ပေးထားတဲ့ကြေးကနည်းနည်းပြင်းရှတဲ့အပိုင်းကိုရောက်နေတယ်။ ဒါပေမဲ့ 1+10 ကြေးကိုနည်းနည်းတော့လန့်တယ်။ အဲ့ဒီကြေးကဒီရာသီမှာတော်တော်ဒုက္ခပေးနေတဲ့ကြေးဖြစ်တာကြောင့်ဒီတစ်ချက်မှာအဲဗာတန်ငြိသွားမလားကိုစိုးရိမ်မိတယ်။ ဒါပေမဲ့အိမ်ကွင်းဖြစ်တာကြောင့်အဲဗာတန်ခြေမချော်လောက်ဘူးလို့ ထင်ရပါတယ်။ ခြေစွမ်းအရအဲဗာတန်သာသလိုလူမစုံတဲ့ကြားကနေ 1+10 ပေးထားတာကြောင့်အဲဗာတန်ကိုပဲရွေးချင်တယ်။ အဲဗာတန်တွေအိမ်ကွင်းမှာနိုင်ပွဲနဲ့အတူပြန်လာနိုင်ဖို့ ဂြိုလ်စီးဂြိုလ်နင်းတွေလွတ်ကင်းပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

◼️ဒီတစ်ပတ် 3D

ဒီတစ်ပတ်မှာ ဆရာဟန်တို့နှစ်ယောက်က ‘ကျနော်အပေါ်သမား’ဖြစ်ခဲ့ကြပေမယ့် ဆရာကြယ်ကထူးထူးခြားခြားအောက်ဆင်းသွားပါတယ်။ ဒီတော့Play Maker Choice အဖြစ် ‘အဲဗာတန်’ကို အတည်ပြုလိုက်ရပါတယ်။ ‘မာဆေးဆိုက်လမ်းပေါ်ကဘင်နီတက်ဇ်ညနဲ့အတူ’ပါ ပရိသတ်ကြီး..