Ronaldo Vs Messi ပွဲ ပြန်မြင်ဦးမလား? ဆော်ဒီလိဂ်နှင့်မေဂျာလိဂ်အောစတားပွဲ ဖြစ်လာဖို့ရှိနေ

အမေရိကန်လက်ရွေးစင်ဟောင်းတစ်ဦးက ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့ နောက်ထပ် ထိပ်တိုက်တွေ့ဆုံမှု တစ်ခုအဖြစ် ဆော်ဒီပရိုလိဂ်နှင့် အမေရိကန်မေဂျာလိဂ် အောစတာအသင်းတို့ ထိပ်တိုက်တွေ့စေတဲ့ပွဲ စီစဉ်သင့်ကြောင်း ပြောကြားလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ဆော်ဒီပရိုလိဂ်ကလပ် Al Nassr သို့ တစ်နှစ်လုပ်ခ ပေါင် ၁၇၄ သန်းတန်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။ ဆော်ဒီပရိုလိဂ်ဟာ ခရစ္စတီယာနိုရော်နယ်ဒိုကို ခေါ်ယူပြီးနောက် ယခုနွေရာသီတွင် အန်ဂိုလိုကန်တီ၊ ကာရမ်ဘန်ဇီးမား၊ ရီယက်မရာ့ဇ်၊ ရောဘတ်ဖာမီနို၊ ဖာမီနို၊ ဟင်ဒါဆင်၊ ကူလီဘာလီ၊ နေမာစတဲ့ စူပါစတားများကို ခေါ်ယူထားပါတယ်။

လီယွန်နယ်မက်ဆီမှာလည်း ယခုနွေရာသီတွင် ပီအက်စ်ဂျီမှ ထွက်ခွာလာပြီးနောက် ဒေးဗစ်ဘက်ဟမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီသို့ ပြောင်းရွှေ့ထားပါတယ်။ အင်တာမိုင်ယာမီဟာ မက်ဆီအပြင် ဆာဂျီယိုဘက်စကွက်၊ ဂျော်ဒီအယ်ဘာတို့ကိုလည်း ခေါ်ယူထားပါတယ်။

ယခုအခါ အမေရိကန်အသင်းအတွက် ၃၃ ပွဲကစားပေးခဲ့တဲ့ New England Revolution တိုက်စစ်မှူးဟောင်းတေလာတွဲလ်မန်းက စူပါစတားများ ပါဝင်တဲ့ ဆော်ဒီနှင့် မေဂျာလိဂ် အောစတားပွဲ စီစဉ်သင့်ကြောင်း ပြောကြားလာပါတယ်။

၎င်းက “မက်ဆီ Vs ရော်နယ်ဒိုတို့ နောက်ဆုံးတွေ့တဲ့ပွဲအဖြစ် လုပ်ချင်တယ်။ လိဂ်နှစ်ခုလုံးက စိတ်ဝင်စားစရာမြင့်တက်နေတော့ တကယ့်ကို လုပ်သင့်တဲ့ပွဲပါ။ လိဂ်အတွက်လည်း အကျိုးရှိလာမယ်။ မက်ဆီက မေဂျာလိဂ်မှာ တောက်ပပြနေတယ်။ မေဂျာလိဂ်က လူငယ်တွေနဲ့ ဆော်ဒီက လူအိုတွေထိပ်တိုက်တွေ့တဲ့ပွဲ ဘယ်လိုလဲ မြင်ချင်တယ်။ အခု လိဂ်နှစ်ခုလုံးက ကမ္ဘာ့ဈေးကွက်မှာ အားလုံးရဲ့ မျက်လုံးဒေါက်ထောက်ကြည့်ခံနေရတယ်။ ကျွန်တော်ဆိုရင်တော့ မက်ဆီ Vs ရော်နယ်ဒိုပွဲကို ချက်ချင်းပဲ လုပ်လိုက်မယ်”လို့ ပြောကြားသွားပါတယ်။